0

ဝေဠုဝန်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် ဆွမ်းခဲဖွယ်ဘောဇဉ်များ စား၍မကုန်နိုင်အောင် ရရှိသော အရှင်အနုရုဒ္ဓါကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။

တစ်နေ့သောအခါ အရှင်အနုရုဒ္ဓါသည် မိမိ၏သင်္ကန်းများ ဆွေးမြည့်နေပြီ
ဖြစ်၍ ပံ့သကူသင်္ကန်းကို လှည့်လည်ရှာဖွေ၏။ လွန်ခဲ့သော သုံးဘ၀တုန်းက အရှင်အနုရုဒ္ဓါ၏ မယားဖြစ်ခဲ့ဖူးသော ဇာလိနီနတ်သမီးသည် ဤအကြောင်းကို သိမြင်သဖြင့် တာဝတိံသာနတ်ပြည်မှ ဆင်းသက်လာ၏။
အရှင်အနုရုဒ္ဓါက ဤအတိုင်းလှူလျှင် အလှူခံမည်မဟုတ်သဖြင့် အလျားတစ်ဆယ့်သုံးတောင် အနံလေးတောင်ရှိသော နတ်ပုဆိုးသုံးထည်တို့ကို အမှိုက်အောက်မှာထားကာ အဖျားစကလေး
ပေါ်ရုံသာပြု၍ ထား၏။ အရှင်အနုရုဒ္ဓါလည်း ထိုအဖျားစကလေးကို မြင်၍ ပံ့သကူကောက်လိုက်ရာ နတ်ပုဆိုးသုံးထည်စလုံး ပါလာတော့သည်။

ထိုသင်္ကန်းကို ချုပ်သောနေ့၌ ဘုရားရှင်နှင့်တကွ သာဝကကြီးရှစ်ကျိပ်တို့သည် အရှင်အနုရုဒ္ဓါ၏ ကျောင်းသို့ ကြွတော်မူကြ၏။ အရှင်မဟာကဿပသည် သင်္ကန်းအရင်း၌ နေ၏။ အရှင်သာရိပုတ္တရာသည် အလယ်၌ နေ၏။ အရှင်အာနန္ဒာသည် အဖျား၌ နေ၏။ ကျန်သောရဟန်းများက အပ်ချည်ကျစ်ကြ၏။ အရှင်မဟာမောဂ္ဂလာန်ကား လိုအပ်ရာရာကို ယူဆောင်၍ ပေးနေလေသည်။

အရှင်အနုရုဒ္ဓါ၏ ကျောင်းမြေကို သိကြားမင်းက ညီညွတ်အောင် ပြုပြင်ကာ ချိပ်ရည်လောင်းထားသကဲ့သို့ ဖြစ်အောင် ပြုပေး၏။
အရှင်မောဂ္ဂလာန်သည် ဆွမ်းစားချိန် မကျသေးမီတွင် ရဟန်းများအတွက် ဇမ္ဗုသပြေသီးများကို ယူ၍ကျွေး၏။
ဇာလိနီနတ်သမီးက နှိုးဆော်ထားသဖြင့် ဒါယကာ ဒါယိကာမများကလည်း ဆွမ်းခဲဖွယ်များ သူ့ထက်ငါ ပို့လာကြ၏။
ဆွမ်းခဲဖွယ်များ ပေါလွန်းလှသဖြင့် ရဟန်းအပေါင်းတို့ စားသောက်၍ မကုန်နိုင်ပေ။ အရှင်အနုရုဒ္ဓါ၏ ဂုဏ်ကျေးဇူးကို မသိသေးသော ရဟန်းများက “အရှင်အနုရုဒ္ဓါသည် မိမိ၏ ဆွေမျိုး များကြောင်း၊ အလုပ်အကျွေး များကြောင်းကို ပြသလိုယောင်တကား” ဟု ဆိုကြကုန်၏။

ဤတွင် ဘုရားရှင်က “ရဟန်းတို့၊ ရဟန္တာတို့ မည်သည်ကား ပစ္စည်းနှင့်စပ်သော စကားကို မဆိုကုန်။ ဤသို့ ဆွမ်းခဲဖွယ်များ ပိုလျှံနေ
ခြင်းကား နတ်တို့နှိုးဆော်ထား၍ ဖြစ်ပေသည်” ဟု မိန့်တော်မူပြီးလျှင်
ထိုစကားနှင့် ဆက်စပ်၍ တရားစကား ဟောကြားတော်မူလိုသဖြင့်
အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။

အကြင်ပုဂ္ဂိုလ်အား အာသ၀တရားတို့ ကုန်ခန်းကုန်၏။
အစာ အာဟာရ၌လည်း စွဲလမ်းမှီတွယ်ခြင်း မရှိချေ။
အကြင်ပုဂ္ဂိုလ်တို့သည် ရာဂစသော နိမိတ် မရှိသော နိဗ္ဗာန်အာရုံ၌ ကျက်စားကြကုန်၏။
ကောင်းကင်၌ ငှက်တို့၏ခြေရာကို မသိနိုင်သကဲ့သို့
ရဟန္တာပုဂ္ဂိုလ်တို့၏ လားရာဂတိကို မသိနိုင်ပေ။

( ဓမ္မပဒ။ အရဟန္တ၀ဂ် )

အေးချမ်းမွန် Credit To >3 Treasures: Buddha, Dhamma & Sangha https://www.facebook.com/excellencemedia
1

Post a Comment

 
Top