0

မြန်မာပြည်မှာ ကြီးပြင်းပြီး အစိုးရကျောင်းကိုတက်တဲ့ ကျောင်းသားတိုင်းရဲ့ တူညီတဲ့ ရည်မှန်းချက်ဟာ စာတတ်မြောက်တာ မတတ်မြောက်တာထက် အခြေခံပညာ အထက်တန်းအဆင့် ၁၀ တန်း အောင်မြင်ရေးပဲ ဖြစ်ပါလိမ့်မယ်။ ကျောင်းသားတိုင်းရဲ့ စိတ်ခံစားချက်အနေနဲ့လည်း ဆယ်တန်းမအောင်ရင် လူရာမ၀င်ဘူးလို့ ခံစားရပြီး ဆယ်တန်း အောင်သွားပြန်တော့လည်း ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ထူးမခြားနားပါပဲလို့ ခံစားကြ ရတာလည်း တူနေမယ် ထင်ပါတယ်။ ကျွန်မတို့ ဆယ်တန်းအောင်တဲ့ အရွယ် ၁၉၉၀ ၀န်းကျင်များကတော့ ဆယ်တန်းအောင်ပြီး သွားရင် ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ လှိုင်နယ်မြေ တက္ကသိုလ်တွေ ထဲကနေ လှိုင်တက္ကသိုလ် တက်ရရေးဆိုတဲ့ ရည်မှန်းချက် ကလည်း ၁၀ တန်းအောင်ပြီးတဲ့ ကျောင်းသားတိုင်းရဲ့ တူညီတဲ့ ရည်မှန်းချက် ဖြစ်နေပြန် ပါတယ်။
ခက်ခဲတဲ့ တက္ကသိုလ်ဝင်ခွင့်
ဆေးကျောင်းတို့လို အင်ဂျင်နီယာ ကျောင်းတို့လို သက်မွေးမှု ပညာသင် တက္ကသိုလ်တွေက လွဲရင် ကျန်တဲ့ ဘာသာရပ်အားလုံးရဲ့ တက္ကသိုလ်ဝင်ခွင့်ကို ကျောင်းသားတွေ ဆယ်တန်းဖြေတဲ့ လိပ်စာနဲ့ပဲ ခွဲခြား သတ်မှတ်ပေးပါတယ်။ မြို့လယ်ကောင် ၃၃ လမ်းမှာမွေးတဲ့ ကျွန်မ မြို့လယ်ကောင် ဗိုလ်တထောင် တကသိုလ်ကို တက်ခွင့်ရပါတယ်။ တက္ကသိုလ် တက်ခွင့်ရပြီး မပျော်နိုင်တဲ့ဘ၀လို့ ဆိုရမှာပါ။ တက္ကသိုလ် စတက်တော့ ကျောင်းဝတ်စုံ မ၀တ်ရတော့တာကလွဲလို့ ကိုယ့်ကိုယ်ကိုယ် တက္ကသိုလ်တက်ရတယ်လို့ကို မခံစားရ ပါဘူး။ မြို့လယ်ကောင်မှာ တည်ထားတဲ့ တက္ကသိုလ်ဆိုတော့ နေရာက ကျောင်း အဆောက်အအုံကလွဲလို့ တက္ကသိုလ် ကျောင်းဝင်းရယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မရှိပါဘူး။ ဘယ်နေရာသွားသွား ကိုယ့်ဆရာ ဆရာမတွေနဲ့ ကိုယ့်ကျောင်းသားတွေနဲ့ အမြဲ တွေ့နေကြ ရတာဆိုတော့ အထက်တန်းကျောင်းရဲ့ လူမှုရေး နယ်ပယ်ထက် ဘယ်လောက်များ ပိုကျယ် လာနိုင်ပါ့မလဲလို့ တွေးပြီး တကသိုလ်တက်ခြင်းရဲ့ အဓိပ်္ပာယ်ကို သည့်ထက် ပိုပြီး ပြည့်စုံချင်မိပါတယ်။ ဒီလိုနဲ့ ကျွန်မအိမ်ကို အရေးဆိုပါတယ်။ ကျွန်မကို လှိုင်တက်္ကသိုလ် ပြောင်းပေးပါလို့။ နောက်နှစ်မှာ ပြောင်းပေးမယ်ဆိုတဲ့ အဖြေကို ရပါတယ်။ တကယ်တော့ ကျွန်မက အပေါင်းအသင်းလည်း သိပ်မများသလို သွားဟယ် လာဟယ်နဲ့လည်း လည်လည် ပတ်ပတ် သိပ်ရှိတဲ့သူမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျွန်မ အနေအေးတာနဲ့ပဲ ဒီလို ကျဉ်းကျဉ်းကျုတ်ကျုတ် ကျောင်းဝင်းမှာ နေလည်း ဖြစ်တာပဲလို့တော့ လက်မခံနိုင်ပါဘူး။ ဒါနဲ့ ကျွန်မအိမ်ကို မပြောတော့ဘဲ ကိုယ့်အားကိုယ်ကိုး ကျောင်းပြောင်းနိုင်ဖို့ အရေး ကြိုးပမ်းပါတော့တယ်။
ကိုယ့်အားကိုယ်ကိုးဆိုတာ တကယ့်ကို ကိုယ့်အားကိုယ် ကိုးပါ။ ဘာလို့လဲဆို ကျွန်မတို့ ကိုယ်လိုချင်တဲ့ ကိစ္စရပ်တွေရဲ့ ရုံးဌာနတွေနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေမှာ ပါလေ့ရှိတဲ့ အတိုင်း ကန်တော့ပစ္စည်း ကန်တော့ငွေ ဆိုတာတွေ ကျွန်မလက်ထဲမှာ မရှိတာပဲ။ ဒါပေမဲ့လည်း အခွင့်အရေးကို ငွေနဲ့ယူမှ ရတယ်ဆိုတာမျိုးချည်းပဲတော့ မဟုတ်လောက် ပါဘူးလေ။ သူ့ပုံမှန်အတိုင်း နည်းမှန် လမ်းမှန် ဆိုရင် ရပိုင်ခွင့်ရှိရမှာပေါ့လို့ ကိုယ့်ဘာသာကိုယ် ခံယူပြီး ဗိုလ်တထောင် တက္ကသိုလ်နဲ့ လှိုင်တက္ကသိုလ်ကို ကူးချည်သန်းချည်နဲ့ လုပ်စရာ ရှိတာတွေကို လုပ်ပါတယ်။ ရင်းနှီးတဲ့သူတွေကို အကူအညီတောင်းပြီး နောက်ဆုံး မော်ကွန်းထိန်းဆီကို ကိုယ်တိုင်သွားတွေ့ပြီး ကျောင်းပြောင်း ချင်လို့ လျှောက်လွှာတင်တဲ့ အကြောင်း ပြောပါတယ်။ ကျွန်မလိုပဲ ဗိုလ်တထောင်ကနေ လှိုင်တက္ကသိုလ်ကို ပြောင်းတဲ့ သူတွေ ရှိပါတယ်။ သူတို့ထဲက တချို့က လျှောက်လွှာတင်ပြီး ကတည်းကကို လှိုင်တက္ကသိုလ် မှာပဲ ကျောင်းသွားတက်နေကြပါတယ်။ ကျွန်မကတော့ တစ်ယောက်တည်း အားတော့ ငယ်တာပေါ့။ နောက်ဆုံးမှာ ကျွန်မ လှိုင်တက္ကသိုလ်ကို ပြောင်းခွင့် ရခဲ့ပါတယ်။ မော်ကွန်းထိန်းကို ကျေးဇူးတင်ပါတယ်လို့ သွားပြောတော့ ကျွန်မလက်ထဲ ငွေရယ်ကြေးရယ်လို့ ပါမသွားခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီအခွင့်အရေးရခဲ့တာဟာ ကျွန်မအတွက် ကျောင်းပြောင်း တက်ခွင့်တင်မကဘဲ နည်းမှန်လမ်းမှန်အတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရတဲ့သူတွေ လည်း ရှိနိုင်တာပဲလို့ ယုံကြည်မှု စိတ်ဓာတ်အင်အားပါ ရခဲ့ပါတယ်။

သိန်းချီတန်တဲ့ ကျောင်းဝင်ခွင့်
အဲဒီ စိတ်ဓာတ်အင်အားလေးကို ကျွန်မ ဆက်ပြီး မွေးမြူ ပါတယ်။ ၂၀၀၅ ခုနှစ်မှာ တစ်ခါ သမီးကို ကျောင်း စအပ်တော့ ဆုံးဖြတ်ရခက်တဲ့ အဖြစ်ကို ကြုံရပြန်ပါတယ်။ ကျောင်း ကလည်း လူအများကြိုက်တဲ့ ကျောင်းကို အပ်ချင်တယ်။ အဲဒီအချိန်မှာ ကလေး ကျောင်းဝင်ခွင့်ဆိုတာ ပိုက်ဆံ ဘယ်နှသိန်းပေးနိုင်မှ ရတယ်ဆိုတာမျိုးက လူတိုင်း ပြောဆိုနေကြတဲ့ အချိန်ပါ။ ကျွန်မက အဲဒီလောက်လည်း ပိုက်ဆံမပေးနိုင်ပါဘူး။ ပေးရမယ်လို့လည်း တရားဝင် သတ်မှတ်ထားတာလည်း မရှိတော့ တတ်နိုင်လို့ ပေးကြတဲ့ သူတွေလည်း ပေးတဲ့အတွက် အခွင့်အရေး ပိုရတာတော့ ရှိပါစေပေါ့။ ဒါပေမဲ့ မပေးနိုင်တဲ့သူ အခွင့်အရေး မရဘူး ဆိုတာကိုတော့ လက်မခံနိုင်ပြန်ပါဘူး။ တစ်ဖက်မှာကလည်း အများနည်း မလိုက်လို့ ကိုယ့်သမီးလေး ကျောင်းဝင်ခွင့် မရခဲ့ရင် ပြန်ပြင်လို့ မဖြစ်နိုင်တဲ့ ကိစ်္စမျိုးပါ။ ကျွန်မ ကိုယ့်ရဲ့ ယုံကြည်မှု စိတ်ဓာတ်အင်အားကိုပဲ အားကိုးပြီး ဆုံးဖြတ် ခဲ့ပါတယ်။ ကျောင်းဝင်ခွင့် လျှောက်လွှာမှာ တခြားသူတွေ အကြံပေးသလိုမျိုး အလှူငွေ ဘယ်လောက် ထည့်ဝင်ပါမည် ဆိုတဲ့ မှတ်ချက်ကို ထည့်မရေးလိုက်ပါဘူး။ အဲဒီလို ရေးဖို့လည်း လျှောက်လွှာပုံစံမှာ ဘယ်နေရာမှာမှ ဖြည့်ခိုင်း ထားတဲ့ စာသားလည်း မတွေ့ပါဘူး။ ကျွန်မက ဒီလိုပုံစံနဲ့ လျှောက်လွှာတင်လိုက်တယ် ဆိုတာကိုသိတော့ ဆွေမျိုး တွေထဲမှာ ပူပင်ကြသူတွေလည်း ရှိပါတယ်။ မတတ်နိုင်ပါဘူး။ ကိုယ့်ယုံကြည်ချက်ကို ဆက်ယုံနေရုံကလွဲလို့ မရှိပါဘူး။ ဒီလိုနဲ့ သမီး ကျောင်းဝင်ခွင့်ရခဲ့ပါတယ်။ ကံကောင်းတယ်လို့ ပြောရုံနဲ့တော့ မလုံလောက်ဘူး ထင်ပါတယ်။ နည်းမှန် လမ်းမှန်အတိုင်း ဆောင်ရွက်နေသူတွေ ရှိနေသေးတယ် ဆိုတာကို ယုံကြည်လို့ ရနေသေးတယ်၊ ဒီမြေပေါ်မှာ ရိုးရိုးတန်းတန်း ပုံမှန် ရှင်သန်နေထိုင်ခွင့် ရှိနေသေးတယ်လို့ ကြီးကြီးကျယ်ကျယ် ပြောလို့ရတဲ့ အဖြစ်အပျက်လို့တောင် ဆိုလိုက် ချင်ပါတယ်။
ဒါနဲ့တင် ကျောင်းအပ်တဲ့ကိစ္စက မပြီးသွားသေးပါဘူး။ ကျောင်းဝင်ခွင့်ရပြီးတော့ ကျောင်းအပ်တဲ့နေ့ကို ရောက်လာ ပါတယ်။ ကျောင်းအပ်စာရင်း သွင်းရမယ့် အခန်းထဲကို ၀င်လိုက်တယ်ဆိုရင်ကိုပဲ ကိုယ့်ဆုံးဖြတ်ချက်တွေ မှားသွားပြီ လားလို့ ထင်ချင်စရာ ဖြစ်ရပါတယ်။ တကယ်ပြောတာပါ။ ကျောင်းအပ်လက်ခံတဲ့ အခန်းထဲမှာ ဘဏ်တစ်ခုက ၀တ်စုံဝတ်ထားတဲ့ ၀န်ထမ်းတွေနဲ့ ငွေရေစက်တွေ တန်းစီ ရှိနေပါတယ်။ ကျွန်မက တစ်ယောက်တည်း ၀င်သွားပါတယ်။ ကျွန်မ စာရင်းသွင်းတဲ့ ဆရာမဆီသွားတော့ ကျောင်းအပ် လက်ခံစာရင်းမှာ လက်မှတ်ထိုးရပါတယ်။ အဲဒီစာရွက်ပေါ်က သူများတွေ လက်မှတ်ထိုးတဲ့ အကွက်ဘေးနားမှာ ဘယ်နှသိန်း ဘယ်နှသိန်းရယ်လို့ မှတ်ချက်တွေ တန်းစီ တွေ့ရပါတယ်။ နောက်တော့ ကျွန်မကို ဘေးဘက်က စားပွဲကို သွားခိုင်းပါတယ်။ ဆရာထင်ပါတယ်။ ကျွန်မကို မေးပါတယ်။ အလှူငွေ ဘယ်လောက်ထည့်ချင်ပါသလဲတဲ့၊ အေးအေးဆေးဆေးပဲ မေးတာပါ။ ဒါပေမဲ့လည်း အဲဒီအချိန်မှာ ကျွန်မကိုယ်တိုင် မကြုံဖူးပေမယ့် ကြားဖူးထားတဲ့အတိုင်း စစ်ကြောရေးစားပွဲရှေ့ကို ရောက်သွားသလို ကိုယ့်ကိုယ်ကိုယ် ထင်မိပါတယ်။ ကျွန်မက အဖြေပေးရမှာကို မဖြေဘဲ ဆရာကို ပြန်မေးပါတယ်။ ဘယ်လောက်လို့ သတ်မှတ်ထား တာ ရှိလားလို့။ ဆရာက မရှိပါဘူးတဲ့။ ဒါနဲ့ ကျွန်မလည်း ကျွန်မလှူမယ့် ငွေပမာဏကို ပြောပြီး လှူခဲ့ပါတယ်။ ကျွန်မ အဲဒီ ဘဏ်ဝန်ထမ်းတွေ ရှိနေတဲ့ ကျောင်းခန်းထဲက ထွက်လာတော့မှပဲ ကျွန်မ သမီးလေးရဲ့ ကျောင်းအပ်ခြင်းကိစ္စ ပြီးဆုံးတိုင် အောင်မြင်ပြီရယ်လို့ ဟင်း ချနိုင်ပါတော့တယ်။ ကျွန်မ မိုက်မိုက်မဲမဲ ဆုံးဖြတ်ခဲ့သလား။ မှန်မှန်ကန်ကန် ဆုံးဖြတ်ခဲ့သလား။ သမီးရဲ့ ပညာရေးနဲ့ ရင်းပြီး ယုံကြည်မှု နောက်ကို လိုက်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ်ပါ၊ ဒီအခွင့်အရေးဟာ ကံကောင်းလို့ တိုက်ဆိုင်လို့ ရခဲ့တယ်လို့တော့ မသတ်မှတ်ချင် ပါဘူး။ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ နေထိုင်နေတဲ့သူတွေ ရှိနေသေးတဲ့ ခေတ်ကြောင့်လို့သာ ပြောချင်ပါတယ်။

သတိရမိတဲ့ ဆရာတွေ
ကျွန်မရဲ့ ယုံကြည်ချက် ကျွန်မရဲ့ စိတ်ဟာ ကျွန်မ အဖေ အမေဆီက လာပါတယ်။ အဖေနဲ့ အမေက ကျွန်မတို့ ကျောင်းက ဆရာတွေ ဆရာမတွေကို မရိုသေ မလေးစားတာ ဝေဖန်တာ လုံးဝ မရှိပါဘူး။ ဒါပေမဲ့လည်း ရင်းရင်းနှီးနှီး အကျွမ်းတ၀င်လည်း မရှိပြန်ပါဘူး။ ကျောင်းကို လွှတ်လိုက်ရင် ကျောင်းသားနဲ့ဆရာ ကျောင်းစည်းကမ်းတွေနဲ့ ချစ်ကြောက် ရိုသေမှုတွေနဲ့ ရှိနေကြတာပဲလို့ ယုံကြည်ပုံရပါတယ်။ ကျွန်မ အမေဆိုရင် ကျောင်း စ အပ်တဲ့ နေ့တစ်နေ့သာ ကျောင်းကို ရောက်ပါတယ်။ ကျန်တာ စာမေးပွဲ လိုက်စောင့်တာ လိုက်ပို့ လိုက်ကြိုတာ မရှိသလောက်ပါပဲ။ ခုပြန်တွေးကြည့်တော့ ကျွန်မကို ဆရာမတွေ မှတ်တောင် မှတ်မိရဲ့လား လို့တောင် တွေးမိပါတယ်။ ကျွန်မတို့ ခေတ်ကလည်း ကျူရှင်တွေ တက်ကြပါတယ်။ ကျူရှင်ဆိုတဲ့ သဘောက ကိုယ်အားနည်းတဲ့ ဘာသာရပ်ကို ဖြည့်သင်တာမို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ကျွန်မတို့ စာသင်ခန်းတွေက တစ်ခန်းကို ကျောင်းသား ၆၀၊ ၇၀။ ဆရာမတစ်ယောက်က သူသင်လိုက်တဲ့စာကို နားလည်မလည် စာသင်ချိန် ၄၅ မိနစ်လောက်မှာ တစ်ယောက်ချင်းကိုတော့ ဘယ်ကြည့်နိုင်ပါ့မလဲလေ။ စာသင်ခန်း တစ်ခန်းကို ကျောင်းသား ၁၅ ယောက်လောက် ဆိုရင်တော့လည်း တစ်မျိုးပေါ့။ ကျွန်မလည်း ကျူရှင်ယူတဲ့ ဘာသာယူပါတယ်။ အထူးသဖြင့်တော့ အင်္ဂလိပ်နဲ့ သင်္ချာပါ။ ဒါပေမဲ့ အတန်းပိုင်ဆီမှာ ယူမှဖြစ်မယ် ဆိုတာမျိုးတော့ ကျွန်မ ကိုယ်တိုင်က မတွေးခဲ့တာမို့ ကျွန်မ မိဘတွေက ပိုတောင် မတွေးဖြစ်ဦးမယ် ထင်ပါတယ်။ အဲဒီတုန်းက အတန်းပိုင် ဆရာမဆီမှာ တက်တဲ့သူတွေလည်း ရှိချင်ရှိ နေမှာပေါ့။ ကျွန်မကတော့ ကျွန်မတို့ အိမ်နားနီးတဲ့ သွားရလာရ အဆင်ပြေတဲ့ နေရာမှာတက်ခဲ့တာပါ။ ကျွန်မ စာအတော်ကြီး မဟုတ်ပေမယ့် အဆင့် ၁၀ အတွင်းတော့ အကြိမ်များများ ရပါတယ်။ တစ်ခါမှလည်း အတန်းပိုင် ဆရာမဆီ ကျူရှင်မတက်လို့ ဆရာမက ကျွန်မအပေါ် မျက်နှာညိုတယ် အဆင့်တွေမကောင်းဘူးလို့ ခုပြန်တွေးရင် တောင် မပေါ်လာပါဘူး။ ဆရာမတွေကိုလည်း ချစ်တာပါပဲ။ ဘယ်ဆရာမကတော့ ပထ၀ီသင်တာ ဘယ်လို၊ သချာင်္ ဆရာကတော့ ရိုက်တတ်တယ်၊ အင်္ဂလိပ်စာ ဆရာမက အတန်းထဲမှာ ကျောင်းသားတိုင်းကို စာဖတ်မှန်အောင် အသံထွက်မှန်အောင် ဖတ်စာကို ဖတ်ခိုင်းတတ်တယ် ဆိုတာမျိုးတွေ မှတ်မိနေပါသေးတယ်။ ဆရာမတွေနဲ့ အရင်းနှီးကြီး မဟုတ်ပေမယ့် ကျောင်းသူ ကျောင်းသားတိုင်း အပေါ်ကို ဆရာ ဆရာမတွေရဲ့ မေတ္တာ စေတနာတွေ ရောက်တယ်လို့ အခုခံစားနားလည်မိပါတယ်။ အဲဒီ စေတနာ မေတ္တာတွေဟာ စာသင်ခန်းမှာ ပုံမှန်ကောက်ခံတဲ့ အလှူငွေ တွေကို ထည့်ဝင်တာကလွဲပြီး ဆရာမကို သီးသန့်ကန်တော့လို့ ဆရာမဆီမှာ ကျူရှင်ယူလို့ ကျွန်မအပေါ် အထူးပြု ရောက်လာတဲ့ စေတနာမေတ္တာတွေ မဟုတ်ပါဘူး။ အဲဒါက ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ မူလတန်းကနေ အထက်တန်းအထိ ဆရာနဲ့ ကျောင်းသား တွေရဲ့ ဆက်ဆံရေး အပိုင်းအစလေးပါ။

မိဘနဲ့ ဆရာ
ကျွန်မ အဖေ အမေက ဆရာ ဆရာမတွေနဲ့ အတွေ့အထိ နည်းတာကို ကျွန်မအတွက် အားနည်းချက်လို့ ကျွန်မ ဘယ်တုန်းကမှ မမြင်ခဲ့ပါဘူး။ ကျွန်မ သားသမီးတွေ လက်ထက် ရောက်တော့လည်း ကျွန်မကိုယ်တိုင် မိဘ တစ်ယောက် အနေနဲ့ တမင်တကာနေတာ မဟုတ်ပေမယ့် ပင်ကိုယ် သဘာဝအရကို ကျွန်မလည်း ကလေးတွေရဲ့ ဆရာ ဆရာမတွေနဲ့ အတွေ့အထိ နည်းပါတယ်။
ကလေးတွေကို ကျူရှင်ပို့ပေးပေမယ့် အတန်းပိုင် ဆရာမ ဆီကိုတော့ မပို့ဖြစ်ပါဘူး။ တမင်ရည်ရွယ်တာ မဟုတ်ပေမယ့် ဆရာမတွေနေတဲ့ နေရာနဲ့ ကျွန်မတို့ နေတဲ့နေရာ သီးခြားဖြစ်နေတော့ မပို့ဖြစ်ခဲ့တာပါ။ ကျွန်မ သမီးလေး ကတော့ ငယ်တုန်းမှာ ဘာမှ မတောင်းဆိုပေမယ့် ပြီးခဲ့တဲ့ နှစ်တွေကစပြီး အတန်းပိုင်ဆီမှာ စာသင်ချင်တဲ့ အကြောင်းကို ပြောလာပါတယ်။ ဒါပေမဲ့လည်း ကျွန်မက ကြိုပို့ဝေးတဲ့ ဒုက္ခကို မခံနိုင်တာနဲ့ မပို့ဖြစ်ပါဘူး။ ဒီလိုပဲ နေလာခဲ့တာ အခု သမီးက ရှစ်တန်းရောက်လာပါတယ်။ တစ်နေ့က သမီးကျောင်းက ဆရာမ လှမ်းဖုန်းဆက်လို့ ကျောင်းကို လိုက်သွားရပါတယ်။ သမီး ဘာတွေများ ပြဿနာဖြစ်လဲလို့ လမ်းမှာတွေးလာရင်း ကျွန်မရဲ့ ဆရာမတွေနဲ့ ထိတွေ့မှု အားနည်းတာဟာ သမီးလေးကိုပါ အားနည်းချက်တွေ ဖြစ်နေစေပြီလားလို့ တွေးမိပါတယ်။ ကျောင်းရောက် ရင်တော့ ဆရာမကို မိတ်ဆက်လို့ စကားသေသေချာချာ ပြောရဦးမယ် လို့လည်း တွေးပါတယ်။ ကံကောင်းရင် တစ်ဆင့်တစ်ဆင့် ဆက်စပ်ပြီးတောင် သိနေကြဦးမှာလို့လည်း တွေးလာ ပါတယ်။ ကျောင်းရောက်တော့ ရုံးခန်းတစ်ခန်းဆီကို လိုက်သွားရပါတယ်။ တွေ့ရင် နှုတ်ဆက်လိုက်မယ်လို့ အားခဲထားတဲ့ ကျွန်မ နှုတ်ဆက်ခွင့်လည်း မရပါဘူး။ ဆရာမလေး ယောက်က အခန်းရဲ့ မျက်နှာချင်းဆိုင်မှာ တန်းစီထိုင်နေကြပါတယ်။ အတန်းပိုင် ဆရာမ ကတော့ အခန်းအလယ်က အစည်းအဝေး စားပွဲလိုမျိုးမှာ ထိုင်နေပါ တယ်။ သမီးနဲ့ အခြားမိန်းကလေး တစ်ယောက်ကတော့ ဆရာမတွေရဲ့ အစွန်နှစ်ဖက်မှာ ဆရာမတွေကို ကျောခိုင်းပြီး တစ်ဖက်လှည့် မတ်တတ်ရပ်နေကြပါတယ်။ ကျွန်မ သမီးရဲ့ အမေပါဆိုတော့ ဆရာမတွေက ကျွန်မကို အဖြစ်အပျက်တွေ ပြောတော့တာပါပဲ။ သမီးနဲ့ သူ့သူငယ်ချင်းတို့ နှစ်ယောက် စကားများကြတော့ တစ်ယောက်က ဆရာမတွေဆီ ပြေးပြီး သွားတိုင်ပါတယ်။ သူတို့ သူငယ်ချင်း နှစ်ယောက်တွဲလာတာ ခြောက်နှစ်လောက် ရှိပါပြီ။ ကျောင်းပြင်မှာလည်း အတူ သွားလာတာမျိုး ရှိကြပါတယ်။ ခုတော့ စကားများပြီး လာတိုင်တယ်ဆိုတော့ ဆရာမတွေက ဘယ်သူလွန်တယ် ဘယ်သူမှားတယ် စုံစမ်းစစ်ဆေး၊ အမေတွေကိုပါ ခေါ်ပြီး သက်သေလုပ် စစ်ဆေးကြပါတယ်။ ကျွန်မ တရားခွင်တစ်ခုကို ရောက်သွားသလိုပါပဲ။ ကလေးတွေကို အပြစ်ရှိလို့ တခြား တစ်ဖက်ကို လှည့်ခိုင်းထားပြီး ကျွန်မရောက်သွားတော့ လည်း အပြစ်ရှိသူရဲ့ အမေမို့လားမသိ ကျွန်မကို ဘယ်သူကမှ ထိုင်ပါလို့ မပြောပါဘူး။ ကျွန်မလည်း မိဘနဲ့ ဆရာဆိုတာ အေးအေးဆေးဆေး ထိုင်ပြီး ဆွေးနွေး သင့်တယ်လို့ ကိုယ့်ဘာသာ ယူဆပြီး ထိုင်မယ်နော်လို့ ပြောပြီး ခုံယူထိုင်ပါတယ်။ နောက်ဆုံးတော့ ဘယ်သူ အပြစ်ပိုတယ်လို့ သတ်မှတ်ပြီး လက်မှတ် ထိုးကြရပါတယ်။ ကျွန်မ အထိန်းအချုပ်ညံ့လို့ သမီးက ဒီလို စကားများတဲ့ အဆင့်ကို ရောက်ရတယ်လို့တော့ ၀န်ခံပါတယ်။ ဒါပေမဲ့လည်း ဒီလို ဆရာမ ငါးယောက်လောက် တန်းစီ စစ်ဆေးမေးမြန်း အပြစ်ဖော်ထုတ်မယ့်အစား တစ်ယောက် ခေါင်းတစ်ချက်စီ လောက် ခေါက်ပြီး၊ တည့်အောင်နေကြလို့ ရိုးရိုးလေးများ ပြောလိုက်လို့ မရဘူးလားလို့ တွေးမိပါတယ်။ ကျွန်မ ပြန်လာတဲ့အထိ ဆရာမတွေ နာမည်ကိုလည်း မသိခဲ့ရသလို ကျွန်မ နာမည်ကိုလည်း မမေးခဲ့ကြပါဘူး။
နောက်နေ့မှာ သမီးက သူ့သူငယ်ချင်းနဲ့ ဖုန်းပြောနေတာ ကိုတွေ့တော့ သူတို့ နောက်တစ်ခါ ထပ်ပြီး ကျောင်းမှာ စကားများကြရင် ဘယ်လို လုပ်မလဲလို့ ဆရာမကိုပဲ လှမ်းမေးရမလား စိတ်ထဲပူပင်မိပါတယ်။ ကျွန်မ တောက်လျှောက် ယုံကြည်တဲ့အတိုင်း ကလေးတွေကို ထားခဲ့တာကို ကျွန်မ သမီးလေးကရော သူ့စိတ်ထဲက နှစ်နှစ်ကာကာ လက်ခံယုံကြည်ရဲ့လားလို့ ပထမဦးဆုံးအကြိမ် တွေးမိလာပါတယ်။ ကျွန်မကပဲ ခေတ်ကြီးကို နားမလည်ဘဲ ခေတ်နောက်ကျကျန်ခဲ့သူ ဖြစ်နေပြီလား။ ကိုယ့်စိတ်နဲ့ သမီးလေးက စိတ်မပါဘဲ လိုက်နေနေရသလား။ ယုံကြည်ချက်တွေ ယိုင်နဲ့ရတော့မလိုလို ဖြစ်လာပါတယ်။ ဒါပေမဲ့ ကျွန်မ လက်မလျှော့ချင်သေးပါဘူး။ ကျွန်မ ယုံကြည်တာတွေ အမှန်တကယ် ဖြစ်ခဲ့တယ် ဆိုတာကို ကျွန်မသမီးလေးကိုလည်း ဆက်ပြီး ယုံကြည်စေချင် နေပါတယ်။
သွယ်သွယ်မျိုးညွန့်
၂၅ နိုဝင်ဘာ ၂၀၁၃

ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၃ မှ ဆရာမ သွယ်သွယ်မျိုးညွန့်၏ ဆောင်းပါး ...

အေးချမ်းမွန် Credit To >ပြည်သူ့ခေတ်ဂျာနယ်

Post a Comment

 
Top