နိုဝင်ဘာ ၂၃ ရက် ၂၀၁၃ ခုနှစ် စနေနေ့
အပြည်ပြည်ဆိုင်ရာ လေဆိပ်လား အလှူခံမဏ္ဍပ်လား
ဝလုံးရေ...ဟိုတစ်ပတ်က ရန်ကုန်ကို ခဏ ရောက်ခဲ့သေးတယ်။ ဟိုတစ်ခေါက်တွေ ကတည်းက လေဆိပ် အင်မီ ဂရေးရှင်းကို ဖြတ်တဲ့အချိန်မှာ အရင်တုန်းကလို ကိုယ့် နိုင်ငံထဲ ပြန်ဝင်ရမှာကို စိတ်ညစ်ညူးစရာ အဖြစ်တွေ မကြုံရတော့လို့ ၀မ်းသာ ချီးကျူးရပေမယ့် လေဆိပ်အပြင်ကို ထွက်လိုက်တာနဲ့ ကားငှားမလားလို့ အလုအယက် ၀ိုင်းဆွဲ သလို မေးတာကတော့ ရှိနေတုန်းပါပဲ။ ပိုဆိုးတာကတော့ ကားတွေကို လမ်းပြရှင်းလင်းဖို့ တာဝန်ယူထားတဲ့ ၀န်ထမ်း ၀တ်စုံတွေနဲ့ လူတွေကိုယ်တိုင်က အကျယ်ကြီး အော်ဟစ်ပြီး လမ်းဩန်နေတာ အားမရသေးဘဲ အော်လံတွေပါ ကိုင်ပြီး ကားတွေကို ဖယ်ခိုင်းနေတာ၊ နေရာချနေတာလည်း တွေ့ရပါတယ်။ ရန်ကုန်လေဆိပ်ဆိုတာ ဘယ်လောက်တောင် ကျယ်ဝန်းနေလို့ အဲဒီလောက် အော်နေဖို့ လိုတာလဲလို့ စဉ်းစားမရပါဘူး။ စိတ်ထဲမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်လား၊ အလှူခံ မဏ္ဍပ်လားလို့တောင် တွေးမိအောင်ပါပဲ။
အလုအယက် ဆွဲကြ သယ်ကြ
လေဆိပ်ဆိုတာက နိုင်ငံတစ်ခုရဲ့ မျက်နှာစာ၊ တင်စားပြီး ပြောရရင် အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းတစ်ခုလို့ ဆိုရပါမယ်။ နိုင်ငံတကာက လူတွေ ၀င်လာပြီဆိုတာနဲ့ ဖြတ်ချင်ချင်၊ မဖြတ်ချင်ချင် ဒီနေရာက အားလုံး ဖြတ်ပြီး သွားကြရမယ့် နေရာတစ်ခုပါ။ မြန်မာပြည်မှာ အခုတလော နိုင်ငံတကာ စံချိန်မီ၊ နိုင်ငံတကာဆိုတဲ့ စကားတွေ အရမ်း ခေတ်စားပြီး သုံးနေကြတဲ့အချိန်မှာ နိုင်ငံတကာက လေဆိပ်တွေမှာ ခရီးသည်တွေအတွက် ဘယ်လို အစီအစဉ်တွေ လုပ်ပေးထားတယ် ဆိုတာလည်း လေ့လာသင့်ပါတယ်။ အောက်ခြေ ၀န်ထမ်းတွေ မသိနားမလည်ဘူးဆိုရင်တောင် အထက်က တာဝန်ရှိတဲ့ လူကြီးများမှာ သင်ကြား ထိန်းကျောင်းပေးဖို့ တာဝန်ရှိပါတယ်။ အဝေးပြေး ကားဂိတ်တွေမှာလို ကားဆိုက် လိုက်တာနဲ့ ခရီးသည်လက်ထဲက အိတ်တွေကို ဆွဲလုသလို အတင်းယူသွားပြီး အငှားကား တွေပေါ် အလုအယက် တင်ကြ၊ ပိုက်ဆံတောင်းကြလို့ ဘုမသိဘမသိနဲ့ ခရီးသည်တွေ ခံရပေါင်းများတဲ့ ဇာတ်လမ်းတွေက အပြည်ပြည်ဆိုင်ရာ လေဆိပ်အထိ သယ်မလာ သင့်တော့ပါဘူး။
ကရိန်းနဲ့ လိုက်ဆွဲနေတယ်ဆို
ဝလုံးရေ...လေဆိပ်ကနေ မြို့ထဲက ဘားလမ်းအိမ်ကို ရောက်ဖို့ကို ၁ နာရီခွဲလောက် ကားမောင်းရပါတယ်။ ဘာမှလည်း လုပ်လို့မရမယ့် အတူတူ ကားပိတ်ဆို့မှု ကြားထဲမှာ စိတ်ကို ဆန့်ထုတ်ပြီး အသာလေး မျှောလိုက် လာရတယ်။ အင်းလျားလမ်းရောက်တော့ ကားတွေက မရွေ့သလောက်ကို ဖြစ်နေလို့ စူးစမ်းကြည့်တော့ လမ်းဘေးမှာ ရပ်ထားတဲ့ ကားတွေကြောင့် ထုံးစံအတိုင်း သွားလို့ရတဲ့လမ်းက တစ်လမ်းပဲ ကျန်တော့တာကိုး။ အဲဒီလို မရပ်ရမယ့်နေရာမှာ ရပ်ထားတဲ့ ကားတွေကို ကရိန်းနဲ့ လိုက်ဆွဲနေတယ်ဆိုလို့ ငါတို့ကို လာကြိုတဲ့ ကားသမားကို မေးကြည့်မိတော့ သူက အဲဒီလို ရပ်ထားတဲ့ ကားတွေကိုတွေ့ရင် ဖုန်းဆက်ပြီး အကြောင်း ကြားမှ လာဆွဲတာလို့ ပြောပြပါတယ်။ ဒါပေမဲ့ အဲဒီလို လာဆွဲတဲ့အချိန်မှာ ရပ်ထားတဲ့ ကားက ထွက်သွားပြီး မရှိတော့ဘူးဆိုရင် အကြောင်းကြားမိတဲ့သူက ကရိန်းကားခကို ပေးရတယ်လို့ သိရတယ်။ ဒါကြောင့် ဘယ်သူမှလည်း အရေးလုပ်ပြီး လှမ်းအကြောင်းမကြားတော့သလို ကားတွေ ကလည်း အရင်အတိုင်း ရပ်မြဲ၊ ကျပ်မြဲ ဖြစ်နေရတာပဲလို့ ပြောပါတယ်။
တာဝန်များလှတဲ့ မြန်မာပြည်သူ ပြည်သားတွေ
သူပြောတဲ့ စကားဘယ်အတိုင်း အတာအထိ မှန်တယ် ဆိုတာ မသိပေမယ့် ငါတို့မြန်မာပြည်မှာ ဂုဏ်ယူရမလား၊ ၀မ်းနည်းရမလား မသိတဲ့ ဘယ်တိုင်းပြည်မှာမှ မကြားဖူးတဲ့ နည်းစနစ်တွေ တော်တော် ရှိတာတော့ သေချာတယ်။ ကားကို လာဆွဲမယ့် ကရိန်းတွေကို ဘယ်နေရာမှာ ထားပြီး လမ်းမှာ ဘယ်လောက်ကြာအောင် အချိန်ပေးပြီး လာရမယ်၊ ကရိန်းတစ်စီးကို တန်ဖိုး ဘယ်လောက်ရှိလို့ ရန်ကုန်မြို့ အကျယ်အ၀န်းနဲ့ ကရိန်းဘယ်နှစီး လိုမယ် ဆိုတာတွေကို ဒီစနစ်ကို လုပ်ဖို့ အကြံပေးတဲ့သူတွေ သေချာတွက်ချက် ထားပြီးမှ ဒါဟာ အကောင်းဆုံး စနစ်လို့ အတည်ပြု အကောင်အထည်ဖော်လိုက်ကြတာလားလို့
ကရိန်းနဲ့ ဆွဲတဲ့နည်းက အကောင်းဆုံးလား
ဝလုံးရေ...စင်ကာပူမှာ ကားရပ်နားတဲ့ စနစ်တွေကို ဘယ်လို ထားတယ်၊ ဘယ်လို ဥပဒေတွေနဲ့ ထိန်းချုပ်နေတယ် ဆိုတာတွေကို တွေ့နေရတိုင်း ငါတို့ဆီမှာရော ဘာလို့ မလုပ်နိုင်ရတာလဲ၊ သက်ဆိုင်ရာဌာနတွေက တာဝန်ရှိတဲ့ သူတွေဆိုတာ နိုင်ငံတကာ သွားပြီး လေ့လာနေကြ တာဆို၊ ဒါတွေကို မသိခဲ့လို့လား။ ဒီလိုတွေသာ လုပ်နိုင်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့ အမြဲ တွေးမိတယ်။ တချို့ ရင်းနှီးတဲ့သူတွေက ငါ့ကို စင်ကာပူနဲ့ ရန်ကုန် မယှဉ်သင့်တာတွေ လိုက်ယှဉ်ပြီး စဉ်းစားနေရကောင်းလားလို့ ပြောကြတယ်။ ဒါပေမဲ့ အခု စနစ်လေးတွေကတော့ ဘာမှ ခက်ခဲတဲ့ ကိစ်္စတွေ မဟုတ်တဲ့အပြင် ကရိန်းနဲ့ လိုက်ဆွဲတဲ့ နည်းထက်တော့ ပိုကောင်းနိုင်တာမို့ နည်းနည်း လေ့လာကြ ရင်ဖြင့် အကျိုးမယုတ်ဘူး ထင်တာပါပဲ။
HDB မှာ ကားရပ်ရင်
စင်ကာပူမှာ ကားရပ်နားတဲ့ စနစ်တွေ အမျိုးမျိုးရှိပါတယ်။ (HDB-Housing and Development Board) လို့ ခေါ်တဲ့ မြန်မာပြည်က တိုက်ခန်းတွေလို ရပ်ကွက်တစ်ခုမှာ ကားပါကင် တစ်ခု ရှိပါတယ်။ အ၀င်အထွက်ကိုတားတဲ့ မောင်းတံကိုဖြတ်ပြီး ၀င်ထွက်ရပါတယ်။ ကားတွေတိုင်းမှာ (IU-In-Vehicle Unit) လို့ ခေါ်တဲ့ IU card reader ထဲမှာ ပိုက်ဆံကတ် IU card reader လေးထည့်ထားရပါတယ်။ အဲဒီကတ်ထဲမှာ ကိုယ်နိုင်သလောက် ကိုယ် သုံးမယ့် ပမာဏနဲ့ ချိန်ပြီး ပိုက်ဆံကို ဖြည့်ထားရပါတယ်။ မောင်းတံကို ဖြတ်လိုက်တာနဲ့ အဲဒီကတ်ကနေ ၀င်တဲ့အချိန်ကို တီခနဲ စမှတ်လိုက်ပြီး ပြန်ထွက်ပြီဆိုရင် ကြာတဲ့အချိန် စုစုပေါင်း အတွက် ကျသင့်ငွေကို ကတ်ထဲကနေ ဖြတ်လိုက်ပါတယ်။ ကတ်ထဲမှာ ဘယ်လောက် ကျန်သေးတယ် ဆိုတာကိုလည်း စကရင်မှာ စစ်လို့ရပါတယ်။ လက်ကျန် အရမ်းနည်းနေပြီဆိုရင် ကတ်က သူ့ကို ထပ်ဖြည့်ပေးပါတော့ဆိုတဲ့ သဘောနဲ့ တစ်လျှောက်လုံး တတီတီ မြည်နေတတ်ပါတယ်။
ကိုယ့်ဝင်းထဲမှာ ရပ်ဖို့အတွက် Season Parking
ကိုယ်နေတဲ့ ၀င်းထဲမှာ ကိုယ့်ကားကို ရပ်မယ်ဆိုရင် season parking ခေါ်တဲ့ တစ်လစာ ကားရပ်ခွင့် ပိုက်ဆံကို ပေးထားလို့ရပါတယ်။ အဲဒါဆိုရင် ကိုယ့်ဝင်းထဲကို အ၀င် အထွက်တိုင်း ဖြတ်မနေတော့ပါဘူး။ အဲဒီလို ကိုယ်နေတဲ့ ၀င်းထဲက ကားပိုင်ရှင်တွေရပ်ဖို့ နေရာတွေကို အရောင် သတ်သတ် ခွဲပြီး ထားပေးပါတယ်။ အပြင်က ခဏတစ်ဖြုတ် လာရပ်တဲ့ ကားတွေ ရပ်ဖို့က အရောင်တစ်မျိုးခွဲပြီး ထားပေးပါတယ်။ ဆိုင်ကယ်ရပ်ဖို့အတွက်ကိုလည်း အဲဒီလိုပဲ နေရာလေးတွေ သတ်သတ်ထားပေးပါတယ်။ ပစ္စည်းတင်ဖို့ ချဖို့ လာတဲ့ ယာဉ်တွေ ရပ်ဖို့ နေရာကိုတော့ (loading/unloading only) အတင်အချ အတွက်သာဆိုပြီး စာလုံးအနီရောင်နဲ့ အကြီးကြီး ရေးထားပါတယ်။
ကူပွန်တင်ပြီး ရပ်တဲ့ စနစ်
နောက်တစ်မျိုးကတော့ ကူပွန်တွေ တင်ပြီး ရပ်ရတဲ့ စနစ်ပါ။ ကူပွန်မှာ ကိုယ်စရပ်တဲ့အချိန်ကို တစ်ရွက် ဖောက်ထားပြီး ကိုယ်ကြာမယ့် အချိန်ကို မှန်းပြီး ပြန်လာမယ့်အချိန်ကို တစ်ရွက်ထပ် ဖောက်ပြီး ကားဒက်ရှ်ဘုတ်ပေါ်မှာ တင်ခဲ့ရပါ တယ်။ ကူပွန်တစ်ရွက်ကို မိနစ် ၃၀ စာကနေ ၂ နာရီစာထိ ရှိပါတယ်။ ကားပါကင်တွေကလည်း တစ်ခါတလေ တစ်နာရီ ရပ်ရင် ၂ ဒေါ်လာကျတာ ရှိသလို နေရာပေါ်လိုက်ပြီး အစားစားရှိပါတယ်။ နာရီနဲ့ ဖြတ်တာလား၊ ၀င်တဲ့အကြိမ်ရေ (per entry) နဲ့ ဖြတ်တာလား ဆိုတာကို အ၀င်ပေါက်မှာ ဆိုင်းဘုတ်တွေ ထင်ထင်ရှားရှား ထောင်ထားလေ့ ရှိပါတယ်။ လမ်းဘေးမှာ ရပ်မယ်ဆိုရင်လည်း အဲဒီလိုပဲ ဆိုင်းဘုတ်တွေမှာ ကြည့်ပြီး ကူပွန် ဘယ်လောက် တင်ရမယ်ဆိုတာ သိနိုင်ပါတယ်။ ဘယ်သူ့ကိုမှလည်း လိုက်မေးနေစရာမလို၊ နေရာတိုင်းမှာ စနစ်တကျနဲ့ ရှိနေပြီးသားတွေ ချည်းပါပဲ။
စစ်ဆေးဖို့ Parking Warden
ဝလုံးရေ...အဲဒီလို ရှိထားတဲ့ စနစ်တွေကို လိုက်နာ၊ မလိုက်နာကို လိုက်စစ်ဆေးဖို့ parking warden ခေါ်တဲ့ ၀န်ထမ်းတွေ အများကြီး ရှိပါတယ်။ သူတို့ရဲ့ တာဝန်က HDB တွေရဲ့ ၀င်းထဲမှာ ရပ်ထားတဲ့ ကားတွေကို လိုက်စစ်ရတာပါ။ ၀န်ထမ်းတစ်ယောက်ကို ရပ်ကွက် ၂ ခု ၃ ခု အပိုင်စားရပါတယ်။ အဲဒီဝန်ထမ်းတွေက များသောအားဖြင့် အသက်ခပ်ကြီးကြီး အမျိုးသမီး တွေပါ။ မိုးလင်းပြီဆိုရင် ၀တ်စုံပြည့်နဲ့ သူတို့ အလုပ်ခွင်ဝင်နေကြတာကို တွေ့ရပါတယ်။ သူတို့တွေနေဖို့အတွက် မြန်မာပြည်က ယာဉ်ထိန်းရဲတွေနေတဲ့ ကင်းတဲလိုမျိုး အခန်းလေး တွေကို ကားအ၀င်အထွက် မောင်းတံနားမှာ လုပ်ပေးထားလေ့ ရှိပေမယ့် အဲဒီထဲမှာ ထိုင်နေတာကို တစ်ခါမှ မတွေ့ဖူးပါဘူး။ နေပူပူ မိုးရွာရွာ သူတို့ တာဝန်ကျတဲ့ ရပ်ကွက်ဝင်း တွေထဲမှာ လှည့်ပတ်လျှောက်ပြီး ကားတွေကို စစ်နေတာပဲ တွေ့ရပါတယ်။ သူတို့ခါးမှာ စကင်ဖတ်လို့ရတဲ့ စက်ကလေးတစ်လုံး ပါပါတယ်။ အဲဒီ စက်ကလေးနဲ့ chip ထည့်ထားတဲ့ ကားရပ်နားခွင့် တံဆိပ်နားကို တင်ဖတ်လိုက်တာနဲ့ ဒီနေရာမှာ ရပ်ရမယ့် ကား ဟုတ် မဟုတ် သိနိုင်ပါတယ်။ မရပ်ရမယ့်နေရာမှာ ရပ်ထားတဲ့ ကားတွေ ဆိုင်ကယ်တွေကို တွေ့ပြီဆိုရင် ဓာတ်ပုံရိုက်ပြီး အဲဒီကားပေါ်မှာ ဒဏ်ငွေ ဆောင်ရမယ့် စလစ်ကို ထားခဲ့တော့တာပါပဲ။
စစ်ဆေးဖို့ LTA Office
လမ်းဘေးမှာ ရပ်ထားတဲ့ ကားတွေ၊ ပန်းခြံတို့၊ ကမ်းခြေတို့၊ စားသောက်ဆိုင်တန်းနား နေရာတွေမှာ ရပ်ထားတဲ့ ကားတွေကို စစ်ဆေးဖို့ကျတော့ (LTA- Land Transport Authority) က အရာရှိတွေက ဆိုင်ကယ်တစ်စီးနဲ့ အမြဲပတ်ပြီး လှည့်နေကြပါတယ်။ လူအင်အား ဘယ်လောက် သုံးထားတယ်ဆိုတာ မသိပေမယ့် အဲဒီဆိုင်ကယ်တွေဟာ တစ်ခါတလေ ဘယ်က ပေါ်လာမှန်းမသိဘဲ ဘွားခနဲ ပေါ်ပေါ်လာတတ်ပါတယ်။ ငါ့အထင်တော့ တစ်နေရာကို အနည်းဆုံး နာရီဝက်တစ်ခါ လှည့်နေတယ် ထင်မိတယ်။ လူဆိုတာ ဘယ်လောက်ပဲ စည်းကမ်း ရှိပါတယ် ဆိုပါစေ၊ လစ်ရင် လစ်သလို ဖောက်ချင်ကြတာချည်းမို့ စင်ကာပူမှာ လည်း အချိန်ခိုးပြီး ကူပွန်တင်ထားခဲ့တာတို့၊ တစ်ခါတလေ စစ်တဲ့သူ မျက်စိရှုပ်အောင် ကူပွန်တွေကို ၃-၄ ခု ထပ်ပြီး ထားခဲ့တာတို့၊ သုံးပြီးသား ကူပွန်တွေကို ရောထည့်ထား တာတို့လည်း ရှိကြပါတယ်။ အဲဒီလို လူမျိုးတွေကြောင့်လည်း စစ်တဲ့ အရာရှိတွေက ညဘက် ဆိုရင်တောင် ဓာတ်မီးတွေနဲ့ ကူပွန်တွေကို သေချာထိုးကြည့်ပြီးကို စစ်လေ့ရှိပါတယ်။ မရိုးမသားလုပ်ထားတာ မိလို့ကတော့ အပြစ်က ပိုကြီး သွားတတ်ပါတယ်။
ဒဏ်ကြေးကို မဆောင်ရင် ထပ်ဆင့် ပြစ်ဒဏ် ကြီးတယ်
ဝလုံးရေ...ဒီမှာက ကားနံပါတ်တွေက ကွန်ပျူတာစနစ်ထဲမှာ အကုန်ရှိပြီးသားမို့ ပြစ်ချက်တွေ ရှိခဲ့ရင်လည်း နံပါတ်နဲ့ တွဲပြီး မှတ်တမ်းဝင်နေတတ်ပါတယ်။ ဒဏ်ကြေးကို ဘယ်ရက်အတွင်း နောက်ဆုံးထားပြီး ဆောင်ရမယ်ဆိုတာကို မဆောင်မိရင် နောက်ထပ် များတဲ့ ဒဏ်ကြေးက ထပ်တက်လာပါတယ်။ အဲဒါမှ မဆောင်သေးရင်တော့ ထောင်ဒဏ်တွေရော၊ လိုင်စင် ပယ်ဖျက်တာတွေရောအထိ အမှုကြီးသွားကုန်ပါတယ်။ တစ်ခါတလေတော့လည်း ပထမဆုံး ပြစ်မှုဆိုရင် အသနားခံစာ တင်ပြီး လျှော့ပေါ့ခွင့် တောင်းလို့ရပါတယ်။ ဒါပေမဲ့ ဒုတိယ၊ တတိယအကြိမ်တွေ ဆိုရင်တော့ မရတော့ပါဘူး။
စနစ် ဘယ်လို ကောင်းကောင်း
အင်တာနက် ကော်နက်ရှင် မကောင်း၊ ကွန်ပျူတာစနစ်ကို ကောင်းကောင်း အသုံးမချ နိုင်သေးတဲ့ ငါတို့မြန်မာပြည်မှာ ဒီစနစ်တွေကို လုပ်ဖို့ ဘယ်လွယ်မလဲလို့ ပြောကြမှာပါ။ ဒါပေမဲ့ ချထားတဲ့ စည်းမျဉ်းဥပဒေတွေကို အတိအကျ လိုက်နာကြမယ်ဆိုရင် လူအင်အား အရင်းအမြစ်တွေနဲ့လည်း စလုပ်လို့ရပါတယ်။ ငါတို့ဆီမှာ အလုပ်လက်မဲ့တွေ များနေပါတယ် ဆို၊ အခုလို parking warden နေရာမှာ အလုပ်နေရာတွေ အများကြီး ဖန်တီးပေးလို့ ရပါတယ်။ အရည်အချင်း အများကြီး မလိုပါဘူး။ ဒါပေမဲ့ တာဝန်သိသိ လုပ်တတ်တဲ့သူတွေ ဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဒီက ၀န်ထမ်းတွေလို အချိန်ပြည့် လှည့်ပတ် စစ်ဆေးနေနိုင်တဲ့သူ၊ စည်းကမ်းဖောက်ဖျက်တာ တွေ့တာနဲ့ ဒဏ်ကြေးစလစ်ကို ကားပေါ်မှာ တင်ခဲ့နိုင်တဲ့သူ ဖြစ်ဖို့ လိုပါတယ်။ အပေးအယူ၊ အလျှော့အပေါ့ ဈေးဆစ်ပြီး ညှိတတ်တဲ့သူ ဖြစ်လို့မရပါဘူး။ ဒဏ်ကြေးကို လက်ခံမဲ့ ဌာနက ၀န်ထမ်းတွေကလည်း အဂတိတရားကင်းကင်းနဲ့ လုပ်နိုင်တဲ့ သူတွေ ဖြစ်ရပါမယ်။ အဓိက ကတော့ စနစ်တွေ ဘယ်လောက်ကောင်းကောင်း၊ အတိအကျ လိုက်နာမှု မရှိရင် ဘယ်အရာမှ အောင်မြင်မှာ မဟုတ်ပါဘူး။
မလိုက်နာနိုင်ရင်
စည်းကမ်းဥပဒေဆိုတာ အလကားပါပဲ
ငါ့ကိုယ်တွေ့ကို ဆက်ပြောရရင်တော့ ငါတို့ကားက မောင်းလာရင်း ရွှေတိဂုံဘုရားလမ်းကနေ အထက ၁ ဒဂုံနားကို အဖြတ်မှာ ကားတွေ အရမ်းကျပ်နေတာကို တွေ့ရပါတယ်။ နေ့လယ်ဘက်မှာ ကျောင်းရှိလို့ ဒီနေရာနား ကားကျပ်နေကျပေမယ့် ညအချိန်မှာ ကျပ်တာကတော့ ထူးဆန်းတာမို့ ကျောင်းမှာများ ဘာပွဲရှိနေလို့လဲလို့ စူးစမ်းကြည့်မိပေမယ့် ကျောင်းဝင်း တစ်ဝင်းလုံးကလည်း မှောင်နေတာကို တွေ့ရပါတယ်။ ဝေခွဲမရဘဲ ဘီးလှည့်ရုံ ဆက်မောင်းလာရင်းနဲ့ လပြည့်ဝန်းပလာဇာနား ရောက်တော့ အကောင်းစား ကားကြီးတွေ လမ်းကြော ၂ ထပ် ၃ ထပ် ရပ်ထားတာကို တွေ့မှ သဘောပေါက်သွားပါတော့တယ်။ လူကြီးပွဲရှိလို့လို့ ကားသမားက ရှင်းပြပါတယ်။ (မြန်မာပြည်မှာ လူကြီးဆိုတဲ့ အသုံးအနှုန်းက အခုထိ တွင်ကျယ်နေတုန်း ပါပဲ) သူ ပြောတာမှန်တယ် ဆိုတာကို ကားရှင်းပေးနေတဲ့ ယာဉ်ထိန်းရဲတွေ အများကြီးကို တွေ့လို့ သဘောပေါက် လိုက်ပါတယ်။ ဒါနဲ့ အဲဒီထဲမှာ ကားပါကင် မရှိလို့လား မေးကြည့်တော့ ရှိတယ်၊ မရပ်ကြတာလို့ ပြောပါတယ်။ လပြည့်ဝန်း ပလာဇာလို မြို့လယ်ကောင်က လမ်းပေါ်မှာကား အကောင်းစားကြီးတွေ ထပ်ရပ်ထားတဲ့ ဘေးမှာ ယာဉ်ထိန်းရဲတွေ လမ်းရှင်းပေးနေတဲ့ မြင်ကွင်းကို ကြည့်ပြီး ဒီလို စိတ်ဓာတ်တွေ၊ စနစ်တွေနဲ့ သွားနေသရွေ့တော့ စည်းကမ်းဖောက်ဖျက်တဲ့ ကားတွေကို ကရိန်းကားနဲ့ လိုက်ဆွဲနေပါတယ်၊ ဘယ်နှစီးဖမ်းမိပါပြီဆိုတဲ့ သတင်းတွေကို ဘယ်လိုမှ ယုံကြည်လို့ မရတော့ပါဘူး။ တိုင်းပြည်တစ်ပြည်မှာ ချထားတဲ့ စည်းကမ်းဥပဒေဆိုတာ အဲဒီတိုင်းပြည်မှာ ရှိတဲ့သူ အားလုံး လိုက်နာရမှာ မဟုတ်ဘူးလား။ ဒါဆိုရင် စည်းကမ်းဖောက်ဖျက်တယ် ဆိုတာ ဘယ်သူ့ကို ပြောတာ ပါလဲ ၀လုံးရေ။
ထိုက်
ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၃ မှ ဆရာမထိုက်၏ ဆောင်းပါး ...
အေးချမ်းမွန် Credit To > ပြည်သူ့ခေတ်ဂျာနယ်
Post a Comment