0


မြန်မာနိုင်ငံ၏ ရေသယံဇာတ၊ မြေသယံဇာတ၊ သစ်တောသတ္တု သယံဇာတ၊ သားငါးသယံဇာတများကို ဖျက်ဆီးသူသည် တိုင်းပြည်ကို ဖျက်ဆီးသူဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

၂၀၁၃ ခုနှစ်နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သော အမျိုးသားအဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေသယံဇာတ၊ မြေသယံဇာတ၊ သစ်တောသတ္တု သယံဇာတ၊ သားငါးသယံဇာတများ မပျက်စီးအောင် ထိန်းသိမ်းရေးဟာ အလွန်အရေးကြီးပါတယ်။ သယံဇာတများကို ဖျက်ဆီးသူဟာ တိုင်းပြည်ကို ဖျက်ဆီးသူ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

ဆက်လက်၍ ''ဒီကနေ့ ကမ္ဘာကြီးဟာ ရာသီဥတု ပြောင်းလဲဖောက်ပြန် မှုတွေကြောင့် နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ စားရေရိက္ခာ ဖူလုံရေးအတွက် အလေးထား ဆောင်ရွက်နေကြပါတယ်။ မိမိတို့လို ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် အရန်စားရေရိက္ခာ သိုလှောင်နိုင်စွမ်း နည်းပါးတဲ့အတွက် ပိုပြီးသတိထား ကြရပါတယ်။ ရာသီဥတုကို မှီခိုစိုက်ပျိုး ထုတ်လုပ်ရန် စိတ်မချရတော့တဲ့ အတွက် ရာသီဥတု ကောင်းမွန်ချိန်မှာ ပိုမိုစိုက်ပျိုး ထုတ်လုပ်ပြီး အရန်ဆန်၊ အရန်စပါးများကို သိုလှောင်တဲ့ စနစ်ကိုပါ စဉ်းစားကြရမှာ ဖြစ်ပါတယ်။ ရေဟာ စိုက်ပျိုးရေးအတွက် အဓိက ကျတာဖြစ်လို့ ရေသိုလှောင်တဲ့စနစ်၊ ရေဖြန့်ဖြူးပေးတဲ့ စနစ်တွေကို စနစ်တကျ စီမံခန့်ခွဲတဲ့ (Water Management) နည်းပညာတွေ မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ကမ္ဘာ့ရေပြင် ပိုင်ဆိုင်မှုမှာ အဆင့် ၁၄ ရှိသည့်အတွက် နိုင်ငံ၏ ပိုင်ဆိုင်ထားသော ရေပြင်ကို စနစ်တကျ အသုံးချပြီး ရေချို၊ ရေငန် သားငါးပုစွန် ထုတ်လုပ်သော လုပ်ငန်းကို စဉ်ဆက်မပြတ် မွေးမြူထုတ်လုပ် သွားနိုင်အောင် မူဝါဒများချမှတ်ပြီး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သားငါးမျိုးတွေ ပြုန်းတီးမသွားစေရန်၊ ပင်လယ်ကြမ်းပြင်နှင့် ဂေဟစနစ်တွေ မပျက်စီးရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နည်းပညာတွေ အခြားအကူအညီများ ရယူဆောင်ရွက် သွားရမည် ဖြစ်ကြောင်း သမ္မတက ပြောကြားသည်။

မြန်မာနိုင်ငံရှိ လူဦးရေ ရာခိုင်နှုန်း ၇၀ သည် ကျေးလက်တွင် နေထိုင်ကြပြီး ဆင်းရဲနွမ်းပါးမှုနှုန်း အများဆုံး ဖြစ်သည့်အတွက် ၂၀၁၅ ခုနှစ်တွင် နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု နှုန်းကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ ကျဆင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လူတစ်ဦးချင်းစီ ၀င်ငွေတိုးစေဖို့ လူတစ်ဦးချင်းစီ၏ အဓိက လိုအပ်ချက်များကို မူဝါဒများ ချမှတ်ပြီး ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း သမ္မတက ဆက်လက် ပြောကြားသည်။

(သမ္မတဦးသိန်းစိန် အမျိုးသားအဆင့် ကျေးလက်ဒေသဖွံ့ ဖြိုးရေးမဟာဗျူဟာမူဘောင် အလုပ်ရုံဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားစဉ်)

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top