ရန်ကုန်တိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပရောင်း/စက်ဌာနမှ ပြည်တွင်းသစ် အခြေခံ စက်မှုလုပ်ငန်း၊ စက်ရုံကုန်ကြမ်းအဖြစ် အသုံးပြုနိုင်ရန် ကျွန်းသစ်လုံး တန် ၄၃၀ ကို ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယင်းကဲ့သို့ ရောင်းချခြင်းကို ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကြို့ကုန်းရှိ မြန်မာ့သစ်လုပ်ငန်း (ရုံးချုပ်) တော်ဝင်ခန်းမ၌ ဒီဇင်ဘာ ၆ ရက်တွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း အနေဖြင့် မြန်မာ့သစ်လုပ်ငန်း လက်အောက် ၀ါးတရာရှိ အမှတ် (၃) သစ်စက်မှ ၄၅ တန်၊ အမှတ် (၄) စက်ရုံမှ တန် ၁၀၀ နှင့် အမှတ် (၆) စက်ရုံမှ တန် ၄၈၀၊ သန်လျင်ရှိ အမှတ် (၁၀) သစ်စက်မှ ၇၂၉ တန်ကို ကြည့်မြင်တိုင် မြို့နယ်ရှိ အမှတ်(၁)သစ်စက် နေရာတွင် သြဂုတ် ၂၉ ရက်က ရောင်းချပေးခဲ့ကြောင်း သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်ကာ တစ်နှစ်အတွက် ပြည်တွင်းသုံးရန် သစ်ာသစ်လုံး တန် ၆၀၀၀၀၀ ကို ပုဂ္ဂလိက သစ်စက်ပိုင်ရှင်များထံ အိတ်ဖွင့်လေလံ စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက အမျိုးသား လွှတ်တော်တွင် ဆိုသည်။
ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိက သစ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး သစ်ခွဲစိတ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်းတို့အတွက် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီးက ဆက်လက် ပြောကြားသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ကျွန်းသစ် ၁၈၆၆၅၀ တန် ထုတ်လုပ်ရန် လျာထားပြီး ယခင်နှစ်ထက် တန် ၈၀၀၀၀ လျှော့ချ ထုတ်လုပ်မည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် သစ်မာ ၁၃၅၅၂၂၇ တန် ထုတ်လုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၇၈၇၆၀၀ တန်သာ ထုတ်လုပ်ရန် ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းပြီး တန်ဖိုးမြင့် သစ်အချော ထည်များသာ တင်ပို့ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားသည်။
(မြန်မာ့အဖိုးတန် သစ်မာများ စုပုံထားစဉ်)
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment