တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)မှ အစိုးရသို့ တင်ပြမည့် မူကြမ်းအား ရေးဆွဲပြီးပါက အားလုံးကို အသိပေးမည်ဟု NCCT အဖွဲ့ဝင် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က နိုဝင်ဘာ၂၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သတင်းထောက်များ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားသည်။
ဗိုလ်ချုပ်ဂွမ်မော်သည် တိုင်းရင်းသားများ၏ အမြင်များပါဝင်သည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူကြမ်းရေးဆွဲမည့် NCCT အဖွဲ့ အစည်းအဝေး တက်ရောက်ရန် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
ဗိုလ်ချုပ်ဂွမ်မော်၏ ထိုင်းခရီးစဉ်၌ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၏ အစည်းအဝေးသို့ တက်ရောက်ခြင်း၊ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံရေးပါတီ ၁၁ ခုမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
''နိုင်ငံရေး ပါတီတွေနဲ့ ကျွန်တော်တို့ တွေ့မှာပါ။ အခုသွားမယ့် အဓိကရည်ရွယ်ချက်က NCCT ကိစ္စနဲ့သွားမှာပါ။ နိုင်ငံရေး ပါတီတွေလည်း ဟိုမှာရောက်နေတော့ အားလုံးနဲ့တွေ့မယ် အကောင်းဆုံးဖြစ်အောင် ဆွေးနွေးကြမှာပါ။ NCCT က မူဘောင်ရေးဆွဲတယ် ဆိုတာက အခုမှသွားပြီး ဆွေးနွေးကြမှာဆိုတော့ ရေးပြီးရင် အားလုံးကို အသိပေးပါမယ်'' ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။
တိုင်းရင်းသားအဖွဲ့ အသီးသီး၏ အမြင်များပါသည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူကြမ်းတစ်စောင်အား ဒီဇင်ဘာမတိုင်မီ အစိုးရကို တင်ပြသွားမည်ဖြစ်ကာ ယင်းမူ ကြမ်းညှိနှိုင်းသည့် အချိန်ရောက်မှသာ နိုင်ငံရေး ဆွေးနွေးပွဲအတွက် အာမခံချက်ခိုင်မာမှု ရှိ၊ မရှိ သိရမည်ဟု ဗိုလ်ချုပ်ဂွမ်မော်က နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့ နယ်ရှိ Business Alliance ဟိုတယ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။
အေးချမ်းမွန် Credit To > Eleven Media Group
Post a Comment