0


– အံ့ခေါင်မင်း

““လူနည်းစုအုပ်ချုပ်သူတွေကို လူများစု ပြည်သူတွေက
ထိန်းချုပ်ပိုင်ခွင့်ရှိရမယ် အဲဒါ ဒီမိုကရေစီပဲ . . .””

Daw Aung San Su Kyi

ညနေခင်းသည် မပီဝိုးတ၀ါးဖြင့်သာ ခပ်ယဲ့ယဲ့ ရှိတော့သည်။ ထိုအလင်းနှင့် အပြိုင် လူများသည်လည်း ယိုင်ထိုးပျော့ခွေ တော့မတတ်။ သို့သော် ရုပ်ကို စိတ်ကဆောင်သည် ဆိုသော စကားမှာအလကား မဖြစ် တန်ရာ။ အမှန်လည်း စိတ်ဆောင် ထားသော ရုပ်ခန္ဓာများဖြင့် လူများသည် သွက်လက်ဆဲဟု ဆိုရမည်။

လူများ . . . ၊ ဟုတ်သည်။ အတန်းအစား တစ်ရပ်တည်းဖြင့် ခွဲခြား မပြောစကောင်းသည့် ၀ိသေသပင်။ ထိုလူ များထဲတွင် အတန်းအစားကို ထပ်ခွဲပါဟု သာဆိုလျှင် အင်အားအများဆုံးက သာမန် ပြည်သူလူထုသာ။ ထို့နောက် . . . မီဒီယာသမားများ၊ ထို့နောက် . . .ခွပ်ဒေါင်း တံဆိပ်နှင့်သူများ။ ထို့နောက် . . . မည်သည့် အသွင်ယူယူ ထင်ရှားနေသည့် အသွင်ယူလှုပ်ရှားသူများ။

နှစ်ပေါင်းများစွာ ခြောက်သွေ့နေခဲ့သော လမ်းမထက် သည်လည်း ထိုလူများကို ထမ်းရင်း သိုက်မြိုက်စွာပင် သူ့ကျောပြင် တစ်နံတစ်လျားထက် အမှောင်ကို အရောင်ခြယ်ထားသည်။ အချိန်သည် တရွေ့ရွေ့ကြာကာ၊ ကြာကာ . . .။

ကားတစ်စီးက လူများကြားကိုဖြတ်ကာ သံပန်းအနီကို ၀ါးကပ်များနှင့် ထပ်မံထားသော ခြံဝင်းထဲ တိုးဝင်သွားသည်။ ကင်မရာ မီးရောင်များက တဖျတ်ဖျတ်၊ လူများက စူးစမ်းစိတ်တို့ဖြင့် တိုးဝှေ့ရင်း။

““လွတ်မှာပါ ။အမေစုလွတ်မှာပါ။””

ဘယ်ကစ၍ ပေါ်လာမှန်းမသိသော စကားက တဖြည်းဖြည်း လူများကြား ပျံ့သွားသည်။

အိမ်နေရင်း ၀တ်စုံဖြင့်ပင် စိတ်မော နေဟန်ရှာသော အမျိုးသမီးတစ်စုဆီမှ ဆုတောင်းသံ ထွက်လာသည်။

““အမေစုလွတ်ပါစေ ၊ ငါတို့အမေစု တကယ်လွတ်ပါစေ။””

ဒီစကားကိုပင် လေးငါးခေါက်ရွတ်ရင်း အသံများက တုန်ယင်လှုပ်ခါ လာကာ၊ ရှိုက်ငင်သံတို့ စွက်လာမှုကိုပင် အတိုင်းသား ကြားနေရသည်။

အမေစုလွတ်ပါစေ . . .ဒီ တောင်းဆုသည် အဘယ်အတွက်နည်း။

××××××××××××××××××××××

အသေအချာ ပြောရလျှင် ယင်းမြင်ကွင်း၏ ဖြစ်တည်ရာသည် တက္ကသိုလ်ရိပ်သာလမ်း ၊ခြံနံပါတ်(၅၆)အနီး၊ ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့။

အဖြစ်အပျက်မှာ လူထုခေါင်းဆောင်ဟု ပြည်သူက ယုံကြည်လက်ခံထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်ရက် စေ့သည့်နေ့တွင် လူထုက သူတို့နှုတ်မှ အမေစုဟု တသသ ရွတ်နေသူပြန်လည် လွတ်မြောက်လာမည်ကို စောင့်မျှော် နေကြခြင်း ဖြစ်သည်။

သို့သော် ထိုနေ့တွင် လူအများသည် နွမ်းလျခွေစွာ အိမ်အပြန် ခြေလှမ်းတို့ကိုပင် သယ်ဆောင် သွားနိုင်ကြသည်။ ထိုနေ့တွင် ဒေါ်အောင်ဆန်းစုကြည် လူထုရှေ့ထွက် ပေါ်မလာနိုင်ခဲ့။

အမှတ်(၅၆) ခြံထဲမှ ည ၇း၀၀ နာရီခန့်တွင် ထွက်လာသော ဘဘဟံသာဝတီ ဦးဝင်းတင်ကို တွေ့၍ အပြေးအလွှား သွားရောက် သတင်းမေးရာ မနက်ဖြန်မှ လွတ်မည်ဆိုသော စကားကြားရသဖြင့် အများ နည်းတူ ခဲထားသမျှ အားများကို မာန်လျှော့ ခဲ့ရသည်။

လူများ အားလုံးသည် နံနက် ၉း၀၀နာ ရီကျော်ကျော် ကပင် အဖွဲ့ချုပ်ရုံး ရှေ့နှင့် တက္ကသိုလ်ရိပ်သာလမ်း တို့သို့ လူးလား ခေါက်တုံ့နေခဲ့ကြသည်။

ဖြေကာတွေးစတမ်း ဆိုလျှင်တော့ ထိုနေ့ပမ်းခဲ့သမျှသည် နောက်တစ်နေ့ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့တွင် ပြေခဲ့ရသည်ဟု ဆိုရမည်။ ၂၀၁၃ခုနှစ၊် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် ဒေါ်အောင် ဆန်းစုကြည် အမှန်တကယ် လွတ်မြောက် လာခဲ့သည်။ သို့သော် ထိုနေ့ညနေ ၅း၃၅ မိနစ်တွင် ခြံတံခါး သံပန်းကို ခုံခုကာ မေးတင်ရပ်ရင်း လူထုကို နှုတ်ခွန်းဆက် စကားအနည်းငယ်သာ ဆိုနိုင်ခဲ့သည်။

နိုဝင်ဘာ(၁၂)၊(၁၃) ရက်များထက် ပို၍ ပီပြင်သည်က နိုဝင်ဘာလ (၁၄)ရက် နေ့၌ အဖွဲ့ချုပ်ရုံးရှေ့တွင် လူထုကို မိန့်ခွန်းပြောသည့် အခါပင်။ သမိုင်းတွင်စေမည့် ထိုမိန့်ခွန်းသည် နာရီပိုင်းအတွင်းကမ္ဘာသို့ ပျံ့နှံ့သွားခဲ့သည်။

““လူနည်းစု အုပ်ချုပ်သူတွေကို လူများစု ပြည်သူတွေက ထိန်းချုပ်ပိုင်ခွင့် ရှိရမယ်။ အဲဒါ ဒီမိုကရေစီပဲ။””

ဒီပဲယင်း အရေးအခင်းပြီးနောက် စစ်အစိုးရ၏ အမျိုးမျိုးသောလှည့်ကွက် အဖုံဖုံနှင့် ၇နှစ်ခွဲကြာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံ နေရရာမှ ကိုယ့်ဖဲကိုယ်ချိုး လိုက်သော ၎င်းတို့၏ ပြုပြင်ပြောင်းလဲရေး ဇာတ်လမ်းအတွင်း ဇာတ်ပန္နက်ကို လိုသလိုချပြီးနောက် မလုပ်မဖြစ် လုပ်ဆောင် ရမည့် လုပ်ဆောင်ချက်အဖြစ် ပြန်လည် လွှတ်ပေးမှုကြောင့် လွတ်မြောက်လာရ သော အ သက်(၆၅)နှစ်အရွယ်ရှိပြီဖြစ်သည့် လူထု ဒီမိုကရေစီခေါင်းဆောင်၏ ပထမ ဆုံးသော စကားဖြစ်သည်။

ထိုရဲရဲတောက် စကား အပါအ၀င် ပြည်သူတို့၏ လက်ခုပ်သံများ၊ ““အမေစု ကိုချစ်တယ်””ဆိုသော ကြွေးကြော်သံများ၊ ““ကျွန်မကလည်း ပြည်သူတွေကို ချစ်ပါတယ်””ဆိုသော ဆော့ပင်နှင့် ရေးထား သည့်ဆိုင်းဘုတ်ကို ထောင်သောင်းမကသော ပြည်သူများ မြင်ရန်ပြသနေသော ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်များက တစ်ကျော့ပြန် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ၏ ပမာဏခြေဆင်း တေးသံပင်ဖြစ်တော့သည်။

အမှန်ဆိုမှု ထိုမတိုင်ခင် ကပင် ဒေါ်အောင်ဆန်းစုကြည်ကို ဆောလျင်စွာ လွှတ်ပေးရမည် ဖြစ်သော်လည်း စစ်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကစားကွက်သည် အကြောင်းပြချက် ကောင်းကောင်းနှင့် ခွေကာ နေအိမ် အကျယ်ချုပ် ကာလကို သက်တမ်းတိုးမြှင့် စေခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ စိတ်ကြိုက် ပင်နယ်တီအမှတ်ကို ရပြီးမှ မဟာ ကရုဏာတော် သွန်းဖြိုးသည့် ဇာတ်ရုပ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နှောင်ကြိုး ဖြေပေးလိုက်ခြင်းသာ ဖြစ်သည်။

ထိုသို့ နှောင်ကြိုးဖြေလိုက်သည် ဆို၍ တာထွက်တွင် အရှိန်နှင့် ပြေးနိုင်ခြင်းတော့ မဟုတ်သေး။ ကြိုးရှည်ရှည်နှင့် လှန်ထားသည့် သဘောသာ သက်ရောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု၊ ပြည်သူနှင့် တွေ့ဆုံမှု၊ မီဒီယာများနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ပြောကြားချက်မှုများကို ဖော်ပြခဲ့သည့် ပြည်တွင်း သတင်းဂျာနယ်များ အနက် ၎င်းတို့ မနှစ်မြို့နိုင်ဖွယ် အလေးပေး ဖော်ပြသည့် ဂျာနယ်စာ စောင်များ ကို ထိုအချိန်က မီဒီယာများအား ကြီးစိုးထားသည့် စာပေ စိစစ်ရေးမှ တစ်ဆင့် အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းက သက်သေ ပြုနေသည်။ ထိုအချိန်က အရေးယူ ခံရသော ဂျာနယ် စာစောင်များတွင် နှစ်ပတ် ရပ်နားခဲ့ရသည့် ဂျာနယ်(၂)စောင်၊ (၁)ပတ်ရပ် နားခဲ့ရသည့် ဂျာနယ်(၇)စောင် ရှိခဲ့သည်။

ထိုသို့ နှောင်ကြိုးဖြေလျှော့မှုနှင့်စခဲ့ ရသော ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်မှုတွင် ကြီးမားသော ပြဿနာများ ကလည်း စောင့်ကြိုနေသည်။

ထိုအထဲတွင် ပထမဦးဆုံး ကြုံတွေ့ရသည်မှာ ပါတီရပ်တည်မှု ဖြစ်သည်။

စစ်အစိုးရက ပြုလုပ်ခဲ့သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ရွေး ကောက်ပွဲ မ၀င်သော ပါတီများသည် တရားဝင် ဆက်လက် ရပ်တည်ခွင့် မရသည့် အခြေအနေဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ဖြင့် ရှိနေစဉ် ပြုလုပ်ခဲ့သော ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ရောက် ခဲ့သဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အခြားသော ၉၀ရွေးကောက် ပွဲဝင် ပါတီများနှင့် ဖျက်သိမ်းခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မ၀င်ရောက်နိုင်ရန်လည်း အမျိုးမျိုးသော ဥပဒေများ ရေးဆွဲပြဋ္ဌာန်းကာ အကျပ်အတည်း တွေ့စေခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲ ၀င်ရောက်ခဲ့ပါက ၂၀၀၈ဖွဲ့စည်းပုံ အခြေခံကို လက်ခံလိုက်ရခြင်း ဖြစ်သဖြင့် ရွှေဂုံတိုင် ကြေညာစာတမ်းကို ကိုင်စွဲထားသော အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရွေးကောက် ပွဲကို ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။

သို့ဖြင့် ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီကပင် ပါတီဆက်လက် ရပ်တည်နိုင်ရန် တရားရုံးတွင် လျှောက်ထားကာ အမှုရင်ဆိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ချိန်တွင် တရားရုံး၌ အယူခံတင်ထားသည့် အချိန်ဖြစ်သည်။

ယင်းကိစ္စရပ် အပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်က -

““အန်အယ်လ်ဒီရဲ့ အနာဂတ်ကတော့ ပြည်သူလူထုနဲ့ ဆိုင်တယ်။ တရားရုံးနဲ့ ဆိုင်တာမဟုတ်ဘူး။””

ဟုပင် လွတ်မြောက်ပြီး ရက်ပိုင်း အတွင်းပြုလုပ်သော အင်တာဗျူးတစ်ခု တွင် ပြောကြားခဲ့သည်။

သို့ဖြင့်ပင် ဒေါ်အောင်ဆန်းစုကြည် ၏ လွတ်မြောက်မှုနောက်ပိုင်းတွင် ရင်ဆိုင် ရမည့် ကိစ္စရပ်များက တသီတတန်း ရှိနေခဲ့သည်။

သံမဏိနှင်းဆီသည် သူ၏ ပွင့်လွှာပွင့်ဖတ် များကို တစ်စချင်း တစ်စချင်း ဖြန့်ထုတ်ကာ ပြည်သူအားရစ်ပတ်ထား သည့် အာဏာတိမ်ခိုးများအား ဖယ်ထုတ် ရန်သူ့ကို တုပ်နှောင်ခွေထားခဲ့ခြင်းမှ အသွင် ပြောင်းလဲလိုက်သော ကစားကွက်သစ် ပေါ်သို့ အနီရောင် သံပန်းများနှင့် တံခါးဝကို ကျော်၍ လျှောက်လှမ်းရတော့သည်။

““ ကျွန်မကတော့ အမျိုးသား ရင်ကြားစေ့ရေး လုပ်သွားမယ်။ အဲဒီလိုလုပ်ရာမှာ ပြည်သူတွေ ထိခိုက်မှု အနည်းဆုံးရှာပြီးတော့ လုပ်သွားမယ်။””

ဟု သူ၏ လာမည့်ခရီးတွင် လုပ်ဆောင်သွားမည့် ပုံစံကို ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက် ကပင် ပြည်သူသို့ တစ်ပါတည်း ပြောကြားခဲ့ လေသည်။

ဆက်လက်ဖော်ပြပါမည်။

အေးချမ်းမွန် Credit To >Myanmartandawsint Newspaper https://www.facebook.com/excellencemedia

Post a Comment

 
Top