0


မန္တလေး၊ နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံ အထက်ပိုင်းရှိ စက်သုံးဆီများ အဓိက ရောင်းဝယ်ရာ ဗဟိုဖြစ်သည့် မန္တလေးမြို့တော်ရှိ စက်သုံးဆီ အရောင်းဆိုင် များတွင် ရောင်းချလျက် ရှိသည့် စက်သုံးဆီ အရည်အသွေးကို ဒီဇင်ဘာလကုန်ပိုင်းတွင် စစ်ဆေးမည် ဖြစ်ကြောင်း အဆိုပါ စစ်ဆေးမှုများ ဆောင်ရွက်မည့် မန္တလေးတိုင်း ဒေသကြီး စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေး အသင်းဥက္ကဋ္ဌ ဦးသက်ဝေက ပြောကြားသည်။

ယင်းကဲ့သို့ စစ်ဆေးနိုင်ရန်အတွက် မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးကျော်မြင့်ထံ ခွင့်ပြုချက် တောင်းခံထားကြောင်း ၎င်းထံမှ သိရသည်။

စက်သုံးဆီများ၏ အရည်အသွေး စစ်ဆေးနိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စုမှ ကျပ်သိန်း ၂၀၀ ကျော်တန် အရည်အသွေး စစ်ဆေးရေး ဓာတ်ခွဲစက် မှာယူထားပြီး ယင်းစက် ရောက်ရှိလာပါက မြို့ပေါ် စစ်ဆေးမှု စတင်မည် ဖြစ်ကြောင်း၊ ခရိုင်အလိုက် မြို့နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်များကို အသင်း၏ စိစစ်ရေးအဖွဲ့များ သွားရောက်ပြီး စစ်ဆေးမည့် ဆိုင်များရှိ စက်သုံးဆီများကို ချိပ်ပိတ် ယူလာ၍ စစ်ဆေး ဓာတ်ခွဲမည် ဖြစ်ကြောင်း၊ ရရှိလာသော ဓာတ်ခွဲအဖြေကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြမည့်အပြင် ရန်ကုန်မြို့တော် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေးအသင်းက တင်ပို့လိုက်သည့် စက်သုံးဆီများကိုလည်း အရောအနှော ပါဝင်ကြောင်း မသင်္ကာပါက သန်လျင် ရေနံချက် စက်ရုံရှိ ဓာတ်ခွဲဌာနသို့ ပို့၍ ဓာတ်ခွဲ စစ်ဆေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ စက်သုံးဆီ ရောင်းချသည့် ဆိုင်များကို အချင်အတွယ် မှန်ကန်မှု ရှိမရှိကို ခရိုင်အုပ်ချုပ်ရေးမှူးများ အပါအဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သည့် စစ်ဆေးရေး အဖွဲ့များက ဝင်ရောက် စစ်ဆေး အရေးယူလျက် ရှိနေပြီး အရည်အသွေး စစ်ဆေးမှုကို ခေတ်မီ ဓာတ်ခွဲစက်များဖြင့် အရည်အသွေး စစ်ဆေးမှု စတင်မည်ဟု ကြားသိထားကြောင်း မန္တလေးမြို့ပေါ် စက်သုံးဆီ အရောင်းဆိုင်များ ထံမှ စုံစမ်း သိရှိရသည်။

“အခုလောလောဆယ် စက်သုံးဆီ ဆိုင်တွေရဲ့ အခြင်အတွယ် မှန်မမှန်ကို စစ်ဆေးပြီး လစဉ် အစီရင်ခံဖို့ သက်ဆိုင်ရာ အဖွဲ့တွေကို ညွှန်ကြားထားပါတယ်” ဟု မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးကျော်မြင့်က ဆိုသည်။

ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်သော မန္တလေးတိုင်း ဒေသကြီး စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေး အသင်းကို ၂၀၁၃ တွင် ဖွဲ့စည်းခဲ့ပြီး အသင်းတွင် စက်သုံးဆီ အရေအတွက် အချင်အတွယ် စစ်ဆေးရေး ဆပ်ကော်မတီ၊ စက်သုံးဆီ အရည်အသွေး စစ်ဆေးရေး ဆပ်ကော်မတီ၊ ချော်ဆိပ် ပြုပြင် ထိန်းသိမ်းရေး ဆပ်ကော်မတီဟူ၍ ဖွဲ့စည်းထားပြီး ရတနာပုံ ဈေးအနီးရှိ ရွှေဖြူပလာဇာတွင် အသင်းရုံးခန်း ဖွင့်လှစ်ထားကြောင်း ယင်း အသင်းထံမှ သိရသည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top