0


ဆူးလေဘုရား အနီးတွင် ဖယောင်းတိုင် မီးကိုင် ဆန္ဒပြသူများ တစ်ကျော့ပြန် ရောက်လာကြချေပြီ။ အရင်တစ်ခါကဲ့သို့ လျှပ်စစ်မီး မရရှိ၍ မဟုတ်။ မီတာခ ဈေးတက်လိုက်ခြင်းကြောင့် ဖြစ်သည်။

ဆူးလေ ဘုရားကြီးကို အခေါက်ရေ ဘယ်လောက်မှန်းမသိ ပတ်ကြသည်။ ခြေထောက် ညောင်းသူများက ရပ်ချင်နေ ကြသည်။ သို့သော် အထင်သေးခံရမည် စိုး၍ မရပ်ရဲ။ ဖယောင်းစက်များ လက်ပေါ်တွင် စီးကျလာခြင်းသည် တော်တော် ခံရခက်သည်။ သို့သော် ကိစ္စမရှိ။ ကြိတ်မှိတ်ပြီး ကိုင်လိုက်ရုံဖြင့် သတ္တိရှိရှိ အများအတွက် ဆန္ဒပြနေကြောင်း ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ကြလိမ့်မည်။ ဓာတ်ပုံ အရိုက်မခံရသူများ ဖယောင်းစက် ဒဏ်ကို မခံနိုင်၍ ဘယ်ညာ ပြောင်းကိုင်ကြသည်။

"လျှပ်စစ် မီတာခများ မူလအတိုင်း ထားရှိရေး ဒို့အရေး ဟေး ဟေး၊
ပြည်သူ ဆင်းရဲတွင်းနက်စေမည့် လုပ်ရပ်များ ချက်ချင်း ရပ် ရပ် .. ရပ်၊
ဒီမိုကရေစီ ဘာဘာလာလာ ဗလာ ဗလာ" ဟူသော ဆိုင်းဘုတ်များကို ခါးတွင် ပတ်ချည်ထားကြသည်။

ဆန္ဒပြသူတို့ကို ဦးဆောင်သူက လက်သီးလက်မောင်း တန်းကာ ပြည်သူတွေရဲ့ ရှေ့မှာ ဘာဖြစ်တယ် ညာဖြစ်တယ် ရဲရဲတောက် မိန့်ခွန်းများ ခြွေလေသည်။ သူ၏ ရဲရဲတောက် မိန့်ခွန်းသည် ယခုတစ်ခေါက်နဲ့ ဆိုလျှင် ဆယ်ကြိမ်ရှိပြီ ဖြစ်သည်။ မီဒီယာ များပင် အလွတ်ရကာ သူ့ရှေ့ကပင် ကြိုပြော ကြသည်။ သူက ငါကွ ဟူသောသဘော ဂုဏ်ယူစွာဖြင့် ပြုံးပြလိုက်သေးသည်။

ဆန္ဒပြသူတွေထက် များသော မီဒီယာသမား များကို သူက ပြောချင်ရာ ပြောသည်။ မီဒီယာသမား များကလည်း မေးချင်ရာ မေးကြသည်။

ရဲကိုကို တို့ ရောက်လာလေသည်။
ခင်ဗျားတို့ဟာ ခဏ ခဏဒုက္ခပေးတယ် ဆိုသော အကြည့်ဖြင့်ကြည့်ကာ လူစုခွဲစေသည်။ ဆန္ဒပြသူ တို့ကလည်း “ဖမ်းစမ်းပါ” ပုံစံဖြင့် လူမိုက်စတိုင်နှင့် နေကြသည်။
မှန်ပေသည်။
ထောင်ကျရင် နာမည်ပေါက်သည် ဟူသော နိုင်ငံရေး ဖော်မြူလာက ခေတ်စားနေသည်ကိုး။

မကြာပါချေ။
လျှပ်စစ်ဓာတ်အား ပေးအဖွဲ့က ညွှန်မှူးကြီးက ဆန္ဒပြသူတွေက ပြည်သူတွေကို ကိုယ်စားပြုလျှင် ထိုင်ရှိခိုး မည်ဟူသော စကားသံ ထွက်လာသည်။

ဆန္ဒပြကြသည်က ရန်ကုန်မြို့ တစ်ခုတည်း မဟုတ်။ မန္တလေးမှာပါ ဆန္ဒပြကြ သည့်အတွက် ညွှန်မှူးကြီး ချွေးပျံလာတော့သည်။ မျက်နှာ ပျက်စ ပြုလာသည်။ ဒီလူတွေသာ အကုန် ထိုင်ကန်တော့ ရရင်တော့ဖြင့် တစ်နေကုန်အောင် ပြီးတော့ မည်မဟုတ်။ သူလည်း သိက္ခာကျမည်။ တော်သေးသည် ပုဒ်မ ၁၈ ရှိပေလို့ ဟု သက်ပြင်းချလေသည်။
ဆန္ဒပြသူများကို ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုစေသည်။

ဒီလိုနှင့် မပြီသေးပေ။ ပြည်သူ နားလည်အောင် ရှင်းပြရပေဦးမည်။

လျှပ်စစ်မီတာခများ တိုးကောက် ခြင်းကို ပြည်သူတွေ စိတ်ဆင်းရဲမှာစိုး၍ ကြိုမပြောခြင်း ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်မတီ အနေနှင့် ရှင်းပြသည်။ ပြည်သူအပေါ် အလွန်စေတနာ ထားသော လူကြီးများ ဖြစ်သည်။ လူကြီးတို့ စေတနာရှိတာ သိရသဖြင့် ပြည်သူများက မျက်ရည်တောင် ဝဲမိသည်။
ထိုသို့ စေတနာတွေ ထားသော်လည်း မီတာခကိုတော့ ယူနစ်တစ်ရာ ကျော်ရင် တိုးယူမည် ဟု ဆုံးဖြတ်ထားခြင်းကို ပြင်မည်မဟုတ်။

မီတာခများ တက်ခြင်းဖြင့် ပြည်သူတွေ ထိခိုက်နစ်နာမှု မရှိစေရဟူ၍ ပြောပြန်သည်။ အလွန်တော်သော ပညာရှင်များဖြင့်လည်း အောက်ပါအတိုင်း တွက်ချက်ပြလိုက် သေးသည်။
သာမန် အခြေခံလူတန်းစားများ အနေဖြင့် ယူနစ်တစ်ရာ ဆိုတာ လေးပေ မီးချောင်း လေးချောင်း၊ တီဗီ၊ ပန်ကာ တစ်လုံးစီ တစ်ရက် ခြောက်နာရီ သုံးလျှင် ယူနစ်တစ်ရာ မကျော်ဟု တွက်ပြသည်။ ခြောက်နာရီကြာ ညှာတာခွင့် ရသည်။ ယင်းသည် ယခင်ကနဲ့ နှိုင်းယှဉ်လျှင် တိုးတက်လာသော အချက် ဖြစ်သည်။ တစ်ရက် သုံးလေးနာရီ မီးရခဲ့သည့်ဘဝမှ ခြောက်နာရီအထိ သုံးနိုင်ခြင်း ဖြစ်သည်။ ဒါတောင် ပိုက်ဆံရှိရင် ပိုသုံးနိုင်သေးသည်။

သို့သော် မီတာခ ဈေးတက်ပါက စက်မှုလုပ်ငန်း၊ စက်မှုထုတ်ကုန် ထိမည်။ စက်ရုံပိုင်ရှင် ထိခိုက်မည် မဟုတ်။ အရင်းထဲထည့် ပေါင်းပေးလိုက်ရုံပင်။ ထိုစက်ရုံက ထွက်လာသော ထုတ်ကုန်တွေ ဝယ်သည့် ပြည်သူ ထိမည်။ ဒါကို ဉာဏ်ပညာ ကြီးမားသူများ ထည့်တွက်ပုံမရ။
မီတာတက်၍ မထိခိုက်နိုင်မည့် အခြေခံ လူတန်းစားက ၅၀ ရာခိုင်နှုန်းကျော် ရှိသည် ဆိုလိုက်သေးသည်။ သို့သော် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကမီးမရတာ မပြောချေ။ တော်ကြပါပေသည်။

နိုင်ငံကား အရင်လိုမဟုတ်၊ ပြောင်းလဲဖို့ ကြိုးစားနေပေပြီ။
ဥပဒေမျိုးစုံ ထုတ်ပြီး အသေးစား စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ ကြိုးစားနေသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေအတွက် စက်ရုံတွေ အလုပ်ရုံတွေ ရောက်လာဖို့ ခေါ်နေချိန်။ လူတွေလည်း ဘဝတိုးတက်ဖို့ မျှော်လင့်နေကြသည်။

သို့သော် ...
လာမည့် မတ်လအကျော် မီးပုံမှန်ရမည် မသေချာသေးပေ။ စက်ရုံတွေ ဆက်လည်ဖို့ အာမမခံ။
အာမခံနိုင်သည်ကား အထက်ပါကဲ့သို့ အတွက်အချက် တော်သူ ပညာရှင်ကြီးတွေ ဦးဆောင်နေသဖြင့် ပြည်သူတွေ၏ အနာဂတ်ကား ဖယောင်းတိုင် ရောင်ခြည်တွေ သန်းနေပေသည်။

“ခေတ်မီဖွံ့ဖြိုး တိုးတက်သော စက်မှုနိုင်ငံကို ဖယောင်းတိုင်များဖြင့် တည်ဆောက်အံ့” ဆောင်ပုဒ်နှင့် အညီ ပြည်သူများက အီးပီစီကို ကျေးဇူးအထူးရမည် ဖြစ်သည်။

(မင်းထက်စံ၊ သံချောင်း)

အေးချမ်းမွန် Credit To > The Voice Weeklyhttps://www.facebook.com/excellencemedia

Post a Comment

 
Top