0

အေးမြင့်စန်း| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၇ ရက် ၂၀၁၃ ခုနှစ်

နိုဝင်ဘာလမှစတင် အကြုံးဝင်မည် ဖြစ်သော မီတာခ တိုးမြှင့် ကောက်ခံခြင်းအပေါ် ပြည်သူလူထု၏ သဘောထားများ ကောက်ခံပြီး သမ္မတ၊ လွှတ်တော်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ စာတင်သွားမည်ဖြစ်သည်ဟု အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဆောင်ရွက်နေသူများက နိုဝင်ဘာ ၇ ရက်တွင် ပြောသည်။

၎င်းတို့က ပြည်သူလုထုသဘောထား ကောက်ခံခြင်းကို နိုဝင်ဘာလ ၇ ရက်က သင်္ကန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယ ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့ပြီး ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု ၊ Generation wave နှင့် အခြား အရပ်ဖက် လူထုအခြေပြုအဖွဲ့စည်းတို့ ပါဝင် ကောက်ခံခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့် ကောက်ခံရရှိသည့် သဘောထားများကို သက်ဆိုင်ရာဌာနများသို့ တင်ပြသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၇ ရက်က ပထမဆုံးအကြိမ် လူထုသဘောထား ကောက်ခံခြင်းဖြစ်ကာ ပြည်သူ ၂၀ ခန့် တက်ရောက်သည်။

အဆိုပါ သဘောထား ကောက်ခံပွဲသို့ တက်ရောက်လာသည့် လှော်ကားမြို့နယ်မှ ကိုထိန်ဝင်းက "လက်လုပ်လက်စားတွေ အများဆုံး ထိခိုက်နိုင်တယ်။ အိမ်ပြန်ရောက်လို့ မိဘတွေက မီတာခ တက်မှာ စိုးရိမ်စိတ်နဲ့ မီးပိတ်ကြရင် လူငယ်တွေက ညပိုင်း အရက်ဆိုင်ပဲ ရောက်မယ်၊ ဆင်းရဲသားတွေ ဘ၀အပန်းဖြေတဲ့ တီဗွီလေးတောင် မကြည့်နိုင်ရင် တိုင်းပြည်မှာ ဘယ်သူတွေ ဘာလုပ်နေနေ ပါဝင်နိုင်တော့မှာ မဟုတ်ဘူး" ဟုပြောသည်။

မည်သူ့ သဘောဆန္ဒမှ တောင်းခံခြင်း မရှိဘဲ မီတာခနှုန်းတိုးမြှင့် ကောက်ခံမည်ကို လျှပ်စစ်ဝန်ကြီးဌာနမှ အမိန့်ထုတ်ပြန်၍ တစ်ဖက်သတ် ကြေငြာလိုက်ခြင်းသည် ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီမှု မရှိခြင်း၊ စက်မှုဇုန်များတွင် မီတာခတိုးမြှင့်မှုကြောင့် စက်ရုံများ ဆက်လက်ရပ်တည်ရန် ခက်ခဲလာနိုင်၍ စက်ရုံများ ပိတ်လာနိုင်သဖြင့် အလုပ်လက်မဲ့နှုန်း တိုးလာနိုင်ခြင်း၊ မီတာခတိုးမြှင့်ခြင်း အကျိုးဆက်ကြောင့် ကုန်ဈေးနှုန်းတက်သည့် ဒဏ်ကို ပြည်သူလူထုက ဆက်လက်သည်းမခံနိုင်သဖြင့် ဆန္ဒဖော်ထုတ်ခြင်းများ ဖြစ်ပေါ်လာဖွယ်ရှိပြီး မီတာခ ပြန်လည် လျော့ချပေးမည့် အချိန်ကို ပြည်သူလူထုဘက်မှ စောင့်မျှော်နေသည့်ဟု တက်ရောက်လာသည့် ပြည်သူ အများစုက ထုတ်ဖော်ပြောကြသည်။

ယင်းသို့ မီတာခ တက်ခြင်းနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၆ ရက်က ဆန္ဒဖော်ထုတ်ခဲ့သူ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ ကိုသိန်းအောင်မြင့်က “လျှပ်စစ်မီတာခတိုးကောက်ရင် ပြည်သူတွေကို ၀န်ထုတ်ဝန်ပိုးအဖြစ် ပိလာမှာ၊ ၀င်ငွေထဲက မီတာခကို ပေးဆောင်နေရလို့ သူတို့ရဲ့ ကျန်းမာရေး၊ ပညာရေးဘက်ကို လျော့ချသုံးစွဲရလိမ့်မယ်၊ စက်မှုဇုန်တွေမှာ ကုန်ချောတွေ ဈေးနှုန်းတက်လာရင် လူထုက ကုန်ဈေးနှုန်းဒဏ်ကို ထပ်တိုးခံစားရမှာ” ဟု ပြောသည်။

မီတာခ ကောက်ခံခြင်းအပေါ် ပြည်သူတို့၏ သဘောထား ဆန္ဒကောက်ခံရေးကော်မတီတစ်ရပ်ကို ဖွဲစည်းခဲ့ပြီး ပြည်သူလူထု၊ ဒီမိုကရေစီစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု၊ Generation wave နှင့် အခြားအရပ်ဖက် လူထုအခြေပြုအဖွဲ့စည်းတို့ ပါဝင်မည်ဖြစ်ပြီး ယင်းကော်မတီက လျှပ်စစ်ဝန်ကြီး ဌာန အပါအ၀င် အစိုးရအဖွဲ့များထံ တိုက်ရိုက်တွေ့ဆုံ၍ လူထုအတွင်း ရင်ဆိုင်နေသည့် အခက်အခဲများကို ပြောမည် ဖြစ်သည်။

ကိုသိန်းအောင်မြင့်က ”မီတာခတက်နေတဲ့အပေါ် အရပ်ဖက်အဖွဲ့စည်းတွေက ဦးဆောင်လှုပ်ရှားလို့ ပုဒ်မ ၁၈နဲ့ အရေးယူခံရရင် ပြည်သူအတွက် ဆက်လက်ဆောင်ရွက်နိုင်အောင် ကော်မတီကို ဖွဲ့စည်းတာပါ “ ဟု ပြောသည်။

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးဝေအဖွဲ့က လျှပ်စစ်ဓာတ်အားသုံးစွဲခ ပြင်ဆင်သည့်နှုန်းထား ပြင်ဆင်ခြင်းကို အောက်တိုဘာ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး အိမ်သုံးဖြစ်ပါက တစ်ယူနစ်မှ ယူနစ်တစ် ရာ အထိအား ၃၅ ကျပ်ဖြင့်တွက်ချက်ကောက်ခံမည်ဖြစ်ပြီး ၁၀၁ ယူနစ်မှစတင်ကာ တစ်ယူနစ် ၅၀ကျပ်နှုန်းဖြင့် တွက်ချက်ကောက်ခံမည်ဖြစ်ကြောင်း ပါဝင်သည်။

စက်မှုလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားနှုန်းထားများကို တစ်ယူနစ်မှ ယူနစ်ငါးထောင်အထိအား တစ် ယူနစ်လျှင် ၁၀၀ ကျပ် နှုန်းဖြင့်တွက်ချက်မည်ဖြစ်ပြီး ၅၀၀၁ယူနစ်မှစတင်ကာ တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်းဖြင့် တွက်ချက် ကောက်ခံမည်ဖြစ်ကြောင်းထုတ်ပြန်သည်။ ယင်းသတ်မှတ်ချက်မှာလည်း နိုဝင်ဘာလမှ စတင်အကြုံး ၀င်မည်ဖြစ်သည်။

ယင်းသို့ မီတာခ တိုးမြှင့် ကောက်ခံသည့်အတွက် နိုဝင်ဘာ ၆ ရက်က ဆန္ဒဖော်ထုတ်မှု ဖြစ်ပွားခဲ့ပြီး ဒီမိုကရေစီစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု (ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့) နှင့် Generation Youth အဖွဲ့တို့ ပါဝင်သည်။

(မဇ္ဈိမသတင်းဌာန)

အေးချမ်းမွန် Credit To > Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top