0


ရန်ကုန်မြို့တော်အတွင်း ဆိတ်ငြိမ်ရပ်ကွက်များ သတ်မှတ်သွားရန် လျာထားမှုအား နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ရာ အကြမ်းဖျင်း သဘောတူညီမှု ရရှိခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ယခုနှစ် ဇွန်လ တတိယပတ်အတွင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ရန်ကုန်မြို့ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် အခြားဌာနဆိုင်ရာအချို့ ပါဝင်သော ရန်ကုန်မြို့တော်အား ရေရှည်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရန် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ရာတွင် ဆိတ်ငြိမ်ရပ်ကွက်များ သတ်မှတ်ရန် လျာထားစီစဉ်ခဲ့သည်ဟု သိရသည်။

ဆိတ်ငြိမ် ရပ်ကွက်များအဖြစ် ရွှေတောင်ကြား၊ အင်းလျားမြိုင်၊ ဒဂုံမြို့နယ်ရှိ သံတမန်အိမ်ရာ၊ တက္ကသိုလ်ရိပ်သာလမ်း၊ ပါရမီလမ်းနှင့် ပြည်လမ်းထောင့်စသည့် နေရာများအား သတ်မှတ်ရန် လျာထားခဲ့ပြီး ယင်းလျာထားမှုများ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခဲ့ကာ ထိုမှတစ်ဆင့် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဆိတ်ငြိမ်ရပ်ကွက်များ သတ်မှတ်ပြီးပါက ယင်းနေရာများတွင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို ကန့်သတ်သွားမည်ဖြစ်ပြီး အထပ်နိမ့် သုံးထပ်ခွဲအထိသာ ဆောက်လုပ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

"ဆိတ်ငြိမ်ရပ်ကွက်ဆိုတာ လုံးချင်းအိမ်ရာတွေ များတဲ့နေရာကို ပြောတာ။ ဒါကြောင့် အဲဒီမှာ အထပ်မြင့် ပေးမဆောက်ချင်ဘူး။ ဒါကြောင့် ဒီလိုဆိတ်ငြိမ်ရပ်ကွက် သတ်မှတ်ဖို့ လျာထား တင်ပြခဲ့တာ။ အခု နိုင်ငံတော် သမ္မတရုံးက အကြမ်းဖျင်း သဘောတူတယ်။ အဲဒီလျာထားချက်က ဥပဒေလိုမျိုး ကန့်သတ်ချက် တစ်ခုပါပဲ။ ဒီကန့်သတ်ချက်သာ အတည်ထွက်လာမယ်ဆိုရင် ဆိတ်ငြိမ်ရပ်ကွက်တွေထဲမှာ သုံးထပ်ခွဲအထိပဲ ခွင့်ပြုမယ်။ ဒါကလည်း အများပိုင်နေတဲ့ တိုက်ဆိုရင် မရဘူး။ မိသားစု တစ်စုတည်းက လိုအပ်လို့ သုံးထပ်ခွဲအထိ ဆောက်တဲ့ပုံစံမျိုးမှ ခွင့်ပြုမှာ"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကန့်သတ်ချက် ထွက်ရှိလာပါက ယင်းပုံစံအတိုင်းသာ လိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောက်လုပ်ခွင့်ပါမစ် ပေးမည် မဟုတ်ကြောင်းနှင့် ပါမစ်မရှိဘဲ ဆောက်လုပ်ပါက တရားစွဲဆိုခံရမည် ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ဆိတ်ငြိမ်ရပ်ကွက် သတ်မှတ်ရန် လျာထားသည့် ရွှေတောင်ကြား ရပ်ကွက်အား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)

အေးချမ်းမွန် Credit To > Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top