0

Friday, November 22, 2013

Atlas Air၏ Boeing 747 Dreamlifter ဂျက်လေယာဉ်ကြီးသည် ကန်းဆက်စ်ရှိ လေဆိပ်ငယ် တစ်ခုသို့ ကွင်းမှား ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။

သတင်းများက ယခုဖြစ်စဉ်ကို ရေအိုင်သေးသေးလေးထဲ ရောက်နေသည့် ဧရာမ ငါးကြီးအဖြစ် တင်စားကြသည်။

အမှန်တကယ်လည်း သေးသေးကွေးကွေး လေယာဉ်ကွင်းငယ် တစ်ခုတွင် ဧရာမ လေယာဉ်ကြီးကို တွေ့ရသော မြင်ကွင်းသည် မမျှမတ အချိုးမကျ ဖြစ်နေသည်။ Atlas Air၏ Boeing 747 Dreamlifter ဂျက်လေယာဉ်ကြီးသည် ကန်းဆက်စ်ရှိ လေဆိပ်ငယ် တစ်ခုသို့ ကွင်းမှား ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။ (၂၃၅)ပေရှည်သော လေယာဉ်ကြီးသည် ကွင်းထဲရှိ မည်သည့်လေယာဉ်ရုံနှင့်မျှ မဆံ့အောင် ကြီးမားနေသည်။ ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ် အမျိုးအစားအဖြစ် သတ်မှတ်ခံထားရသည့် လေယာဉ်ကြီးသည် ဗုဒ္ဓဟူးနေ့က ဂျိမ်းစ်ဂျာဘရာ လေဆိပ်သို့ ကွင်းမှားဆင်းခဲ့ခြင်း ဖြစ်သည်။ ယင်းသည် အသေးစား ပုဂ္ဂလိက လေယာဉ်ကွင်းလေးမျှသာဖြစ်ကြောင်း သိရသည်။

လေယာဉ်သည် မူလက ဝစ်ချီတာရှိ မက်ကွန်နဲလ် လေဆိပ်သို့ ဆင်းသက်ရန် ရည်ရွယ်ထားခဲ့သည်။ ကွင်းနှင့်လေယာဉ် အချိုးအစား မမျှမတ ကြီးမားလွန်းနေခြင်းကြောင့် ယင်းလေယာဉ် ပြန်တက်နိုင်သည့် ပြေးလမ်းအလျားမျိုး မရှိမည်ကို တာဝန်ရှိသူများက စိုးရိမ်ခဲ့ကြသည်။ သို့သော်လည်း ကြာသပတေးနေ့တွင်မူ လေယာဉ်ကြီးသည် အောင်အောင်မြင်မြင် ပျံသန်းကာ မူလရည်မှန်းထားသည့် လေဆိပ်သို့ ချောချောမောမော ဆိုက်ရောက်ဆင်းသက်ခဲ့ကြောင်း သိရသည်။ မူလမျှော်လင့်သည့် အချိန်ထက် (၁၅)မိနစ် နောက်ကျသည်မှလွဲ၍ လေဆိပ်ပြောင်းရွှေ့သည့် ခရီးစဉ်သည် စင်းလုံးချော အဆင်ပြေကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဒေသဆိုင်ရာ ရဲတပ်ဖွဲ့သည် လေယာဉ်ကွင်း အပြင်ဘက်ရှိ အဝေးပြေး လမ်းမတစ်ခုကို ယာယီ ပိတ်ဆို့ပေးခဲ့ပြီး လေယာဉ်မတော်တဆ အခြေအနေတစ်ရပ် ကြုံပါက ဘေးကင်းရန် လုပ်ဆောင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဂျိမ်းစ်ဂျာဘရာမှ လေယာဉ်ပျံတက်စဉ် လူအများအပြား စုရုံးပြီး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။ ယင်းလေယာဉ်ကြီးသည် ပေပေါင်း(၆၁၀၀)သာ ရှည်လျားသည့် ပြေးလမ်းတွင် စွန့်စားပျံတက်ခဲ့ခြင်း ဖြစ်သည်။ သာမန်အားဖြင့် အဆိုပါ လေယာဉ်မျိုးအတွက် ယင်းထက် ပေ(၃၀၀၀)ပိုရှည်သော ပြေးလမ်းမျိုး လိုအပ်သည်။ တာဝန်ရှိသူများက လေယာဉ်၏ အလေးချိန်၊ ကြံ့ခိုင်မှု အခြေအနေတို့ကို ကျွမ်းကျင်သူ အင်ဂျင်နီယာများနှင့် အသေးစိတ် ဆွေးနွေးပြီးနောက် သမားရိုးကျ အခြေအနေအတိုင်း ပျံသန်းစေရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောဆိုသွားကြသည်။



အေးချမ်းမွန် Credit To > Planet Myanmar Network https://www.facebook.com/excellencemedia
1

Post a Comment

 
Top