စစ်ရေးအမြင်ရှိသော အရပ်သားများအကြောင်း
ကမ္ဘာကျော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သမ္မတနဲ့ ဒုသမ္မတတို့မှာ ရှိရမယ့် အရည်အချင်းတွေ သတ်မှတ် ဖော်ပြထားပါတယ်။ ဘက်စုံ အရည်အချင်းရှိရမည်ဆိုရင် တော်ပြီပေါ့။ ခုတော့ စစ်ရေးအမြင်ရှိရမည် ဆိုတာမျိုးက ပြည်သူတွေကြားမှာ တော်တော် ဂယက်ရိုက်ပါတယ်။ မွေးရပ်မြေဇာတိရွာက ကျုပ်ရဲ့ “ဗဂျီး” (သူ့နာမည်ကိုက ဦးဗဂျီး)က ၁၅၀၀ တန် ဆင်းကတ်ဖုန်းနဲ့ လှမ်းမေးပါတယ်။
“စစ်ရေးအမြင်ရှိရမယ် ဆိုတော့ လူလေးရ၊ အဲဒီ စာအုပ်ကြီး ရေးခဲ့တဲ့ လူတွေက အာရှတိုက်တစ်ခုလုံးများ သိမ်းချင်တာလား မသိပါဘူးကွာ၊ ပြောလိုက်စမ်းပါ၊ ငါတို့က ငြိမ်းချမ်းရေး လိုချင်တာ၊ စစ်ဆိုရင် ရေတောင် စစ်မသောက် ချင်ဘူး”လို့ ကျုပ်ကို သမ္မတ အကြံပေးများ မှတ်နေလား မသိ ဗဂျီးက စွတ်ပြောနေတော့ ကျုပ်က-
“ဒီလိုတော့ မဟုတ်လောက်ပါဘူး ဗဂျီးရယ်၊ ပြည်တွင်းမှာတောင် ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေပြီ ဥစ္စာ၊ အာရှကို ကိုယ်က တက်သိမ်းဖို့ နေနေသာသာ လာသိမ်း လှည့်ပါလို့ ခေါ်ရင်တောင် စရိတ်မရှိလို့ သိမ်းနိုင်မှာ မဟုတ်ဘူး ဗဂျီးရ၊ နောက်ပြီး ခုခေတ်က တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်တိုက်ပြီး သိမ်းတာ မဟုတ်ဘူး၊ အခု သိမ်းထား သလို စီးပွားရေးနဲ့ လာသိမ်းတာ ကိုယ့်မြေကိုယ် ဘယ်မှာ ပိုင်တော့လို့လဲ” လို့ ဖြေလိုက်ရပါတယ်။
ဗဂျီး “ဒါဖြင့် စစ်ရေးအမြင်ရှိရမည် ဆိုတာကြီး ဖြုတ်ပစ်ပါကွာ၊ တို့ရွာက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်တာ မြင်ချင်ကြတာ၊ ခုလိုဆိုတော့ စစ်သား မလုပ်ဖူးတဲ့ အရပ်သားတွေ သမ္မတ မလုပ်ရတော့ဘူးတဲ့လား”
ကျွန်ုပ် “ဗဂျီးကလည်း ကျွန်တော် ဖြုတ်လို့ရတာမှ မဟုတ်တာ၊ အားလုံး ၀ိုင်းကန့်ကွက်ကြရမှာ၊ အခြေခံ ဥပဒေထဲမှာ အများကြီးပဲ၊ ဗဂျီးတို့လည်း လွှတ်တော် ကော်မတီကို စာပို့ပြီး ကန့်ကွက်ပေါ့၊ ကိုယ် မကြိုက်တာတွေ”
ဗဂျီး “နေပါဦး လူလေးရ၊ စစ်ရေးအမြင်ရှိရမယ်လို့သာ ပါတာ စစ်သားဟောင်း ဖြစ်ရမယ်လို့မှ မပါတာ၊ ငါတို့ ဒေါ်အောင်ဆန်းစုကြည်လည်း စစ်ရေးအမြင်မရှိဘူးလို့ ပြောလို့မှ မရတာ၊ သူ တိုက်ပွဲတွေ အများကြီး တိုက်ခဲ့ရတာပဲ၊ ငါ့အမြင်တော့ သူချည်း နိုင်တာပ၊ ကျန်တဲ့ လူတွေ ရှုံးတာမှ ခွက်ခွက်လန်ပဲ”
အမှန်တော့ ဗဂျီး ပြောတာ သဘာဝကျပါတယ်။ စစ်ရေးအမြင်ဆိုတာ စစ်သား လုပ်ဖူးသူမှ မဟုတ်ပါဘူး။ အရပ်သားတွေမှာလည်း ရှိနိုင်တာပါပဲ။ ရှိလည်း ရှိခဲ့ဖူးပါတယ်။ ဥပမာ-မြန်မာနိုင်ငံမှာဆိုလျှင် သခင်သန်းထွန်း၊ သခင်စိုး ဖြစ်ပါတယ်။
ဒုတိယ ကမ္ဘာစစ်
ဒုတိယကမ္ဘာစစ်ဖြစ်ရတဲ့ အကြောင်းရင်းက တစ်ဖက်စောင်းနင်း ချုပ်ဆိုခဲ့တဲ့ စစ်ပြေငြိမ်းစာချုပ် တွေကြောင့် ဖြစ်ပါတယ်။ စစ်နိုင်ထားသူက စစ်ရှုံးသူတွေအပေါ် အထက်စီးက ဖိနှိပ်ချုပ် ဆိုထားတဲ့ အချက်တွေကြောင့် အခွင့်သာတာနဲ့ စစ်ရှုံးထားတဲ့ နိုင်ငံဟာ ပေါက်ကွဲကြတော့ တာပါပဲ။ စစ်စရိတ်တွေ၊ စစ်လျော်ကြေးတွေ အဆမတန် တောင်းကြတဲ့ အကျိုးဆက်ပါ။ ဒီအချက်တွေနဲ့ ပြည်သူကို ဆွပေးပြီး နာဇီပါတီအာဏာရလာပါတယ်။ သြစတြီးယား၊ ချက်နဲ့ ပိုလန်တွေကို ကျူးကျော် သိမ်းပိုက်ပါတယ်။ ဒါကတော့ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ “ဟစ်တလာ”ရဲ့ စစ်ရေးအမြင် ဖြစ်ပါတယ်။
၁၉၃၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ အင်္ဂလိပ်နဲ့ ပြင်သစ်က ဂျာမနီကို စစ်ကြေညာပြီး ဒုတိယကမ္ဘာစစ် စတင်ခဲ့ပါတယ်။
ထိုစဉ်က အရပ်သားများဖြစ်ကြတဲ့ ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန်ချာချီနဲ့ အမေရိကန် သမ္မတ ရူးစဗဲ့တို့ဟာ စစ်ရေး အမြင်ရှိတဲ့ အရပ်သားများ ဖြစ်ကြပါတယ်။ ရုရှားက “စတာလင်”ကတော့ စစ်မှုထမ်းဖူးသူ၊ ထိုစဉ်က ရုရှား ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံ ထူထောင်တဲ့ မူဟာမက်အလီဂျင်းနား (Muhammad Ali Jinnah) ကလည်း စစ်ရေးအမြင်ရှိတဲ့ အရပ်သားခေါင်းဆောင် ဖြစ်ပါတယ်။ ရှေ့နေနဲ့ နိုင်ငံရေးသမား ဖြစ်ပါတယ်။ နေရူးကတော့ အိန်္ဒိယရဲ့ ခေါင်းဆောင် စစ်ရေးအမြင်ရှိသူ တစ်ယောက်ပါတယ်။
နောက်တစ်ယောက်က ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဖြစ်ဖူးတဲ့ ဗီယက်နမ် လွတ်လပ်ရေး ရပြီး သမ္မတဖြစ်လာတဲ့ ဟိုချီမင်းဖြစ်ပါတယ်။ အရပ်သား ဖြစ်ပြီး စစ်ရေးအမြင် ဘယ်လောက်ရှိလဲ ဆိုတာတော့ တစ်ကမ္ဘာလုံး သိကြတဲ့ အတိုင်းပါပဲ။ ကမ္ဘာတစ်ခြမ်း ပဲ့ထွက်လောက်အောင် အမေရိကန်က ဗုံးကြဲ၊ သိန်းနဲ့ချီတဲ့ အမေရိကန် စစ်သားတွေ ၀င်တိုက်တာတောင် မဖြုံဘဲ နောက်ဆုံး အမေရိကန်တို့သာ အောင်မြင်စွာ ဆုတ်ခွာပြီး ပြေးကြရတဲ့ ဗီယက်နမ်တို့ရဲ့ အရပ်သားခေါင်းဆောင် တစ်ယောက်ပါ။
နောက်တစ်ယောက် ရှိပါသေးတယ်။ စစ်ရေးအမြင် ရှိတဲ့ အရပ်သားတစ်ဦး၊ တရုတ် ကွန်မြူနစ်ပါတီ၊ ဗဟို ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ မော်စီတုံးပဲ ဖြစ်ပါတယ်။ စစ်ရေး အမြင်ဆိုတာဟာ စစ်သားတွေရဲ့ ကိုယ်ပိုင် ပစ္စည်း မဟုတ်ပါဘူး။ အတွေးအခေါ် မြင့်မားသူ မှန်သမျှမှာ စစ်ရေး အမြင်ရှိနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးအမြင်ရှိသူများ အတွက် စစ်ရေးအမြင်ဟာ အလွန်အမင်း ခဲယဉ်းတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။
နောက်တစ်ယောက်ကတော့ မြို့ပြ အင်ဂျင်နီယာ (Civil Engineer) တစ်ဦး ဖြစ်ခဲ့တဲ့ “ယာဆာအာရာဖတ်”ပါ။ ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုတာ လက်နက် မရှိဘဲ ဥပုသ်စောင့် နေသူကို ဘယ်တော့မှ လာမဆွေးနွေးဖူးလို့ သဘောရတဲ့ “သေနတ်နဲ့ သံလွင်ခက်” [ချိုးငှက်နဲ့ သံလွင်ခက်ကို သရော်ပြီး ခေါ်တာ]မိန့်ခွန်းကို ကုလသမဂ္ဂမှာ ရဲရဲတောက် ပြောသွားလို့ ကမ္ဘာကျော်သွားခဲ့သူ ဖြစ်ပါတယ်။ ပါလက်စတိုင်း လွတ်မြောက်ရေးအတွက် တစ်ဖက်က စစ်တိုက်ရင်း တစ်ဖက်က ဆွေးနွေးပွဲတွေနဲ့ ကြိုးပမ်းခဲ့တဲ့ လူတော်တစ်ဦးပါ။ ပါလက်စတိုင်း အစိုးရ သမ္မတအဖြစ် တာဝန်ထမ်းခဲ့ဖူးပါတယ်။ ဒီမတိုင်မီကလည်း PLO [ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့] ဥက္ကဋ္ဌ ဖြစ်ပါတယ်။ နိုင်ငံ ပျောက်လုနီးပါး ဖြစ်ခဲ့ရတဲ့ လူမျိုးကို ခေါင်းဆောင်ပြီး တိုက်ရင်းခိုက်ရင်းနဲ့ ကမ္ဘာက အသိအမှတ်ပြုလာအောင် ကြိုးပမ်း ခဲ့ရသူပါ။ စစ်ရေးအမြင် ရှိ မရှိ လေ့လာကြည့်နိုင် ပါတယ်။
တကယ်တော့ စစ်ရေးအမြင်ဆိုတာ ဘယ်သူမှ မွေးကတည်းက ပါလာတာမျိုး မဟုတ်ပါဘူး။ နိုင်ငံရေး အမြင်ဟာ စစ်ရေးအမြင်ထက် မြင့်မားတဲ့အတွက် နိုင်ငံရေး အမြင်ရှိသူ တစ်ယောက်ဟာ စစ်ရေးအမြင်မှာ သူတစ်ပါး ထက်သာပါတယ်။ ဥပမာဆိုရရင် စစ်ရေး အမြင်မှာ စစ်ရေးရဲ့ ပန်းတိုင်ဟာ ဘာလဲ မေးလာခဲ့ရင်၊ ငြိမ်းချမ်းရေးပါပဲ။ နိုင်ငံတွေမှာ စစ်တပ်တွေကို မဖြစ်မနေ တည်ထောင်ကြရတာက ကိုယ့်နိုင်ငံသားတွေ ငြိမ်းချမ်းစွာ နေထိုင်ကြဖို့ ရည်ရွယ်ပါတယ်။ စစ်တိုက်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ ကမ္ဘာကျော် ၃၄ ယောက်မြောက် အမေရိကန် သမ္မတ၊ ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ် တပ်ပေါင်းစုရဲ့ Supreme Commander တပ်ချုပ်ဖြစ်သူ အိုက်စင်ဟောင်ဝါက ပြောဖူးပါတယ်။ “ငြိမ်းချမ်းရေး နည်းကလွဲလို့ တခြား နည်းလမ်း မရှိပါ”တဲ့။ အဓိပ္ပာယ်ကတော့ စစ်ရေး နည်းလမ်းနဲ့ ဘယ်အရာကိုမှ ပြေလည်အောင် မဖြေရှင်း နိုင်ဘူးလို့ ဆိုတာပါ။
နောက်တစ်ယောက်က ဖိုက်တာများရဲ့ ဖိုက်တာလို့ ပြောလို့ရတယ်။ ၄၃ ဦးမြောက် အမေရိကန်သမ္မတဖြစ်တဲ့ ဂျော့ခ်ျဒဗလျူဘုရှ်ပဲ ဖြစ်ပါတယ်။ သူကတော့ နိုင်ငံသား တစ်ယောက်ရဲ့ တာဝန် အလှည့်ကျ စစ်မှုထမ်းတဲ့ သဘောနဲ့ တက္ကဆပ်နဲ့ အယ်လာဘားမား လေကြောင်း ကာကွယ်ရေးတပ်မှာ ၁၉၆၈ ကနေ ၁၉၇၄ အထိ အမှုထမ်းဖူးပါတယ်။ အသက်မွေးဝမ်းကျောင်း-ပရော်ဖက်ရှ
နောက်တစ်ဦးကတော့ ယောက်ျားသား မဟုတ်ဘဲ မိန်းမသားတစ်ယောက် ဖြစ်ပါတယ်။ မာဂရက်သက်ချာပါ။ သူ့ကို Iron Lady သံမဏိ အမျိုးသမီးလို့လည်း လူတွေ သိကြပါတယ်။ စစ်ရေးအမြင်ရှိတဲ့ အရပ်သား၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသမီးတစ်ဦးပါ။ သူဟာ စစ်သမီး မဟုတ်တာတော့ သေချာပါတယ်။ ဓာတုဗေဒ ပညာရှင်ဖြစ်ပြီး ရှေ့နေတစ်ယောက် (ဥပဒေပညာရှင်) ဖြစ်ပါတယ်။ သူနဲ့တွဲပြီး သိတာကတော့ အာဂျင်တီးနား နဲ့ တိုက်ရတဲ့ ဖောက်ကလန်ကျွန်း တိုက်ပွဲပါ။ ၀န်ကြီးချုပ် အဖြစ်နဲ့ သူ ဦးဆောင် အမိန့်ပေး ခဲ့တာပါ။ အငြင်းပွားနေတဲ့ ဖောက်ကလန်ကျွန်းပေါ်ကို အာဂျင်တီးနားတွေ ၀င်ရောက် ကျူးကျော်တာကို ပြန်ပြီး သိမ်းပိုက်ခဲ့တာပါ။ နှစ်လ တစ်ပတ်နဲ့ ၅ ရက်ကြာ စစ်ပွဲပါ။ အာဂျင်တီးနားဘက်က ဘရာဇီး၊ အစ္စရေး၊ ဆိုဗီယက်၊ ဗင်နီဇွဲလား၊ ပီရူးနဲ့လစ်ဗျား ကူညီပံ့ပိုးပြီး၊ အင်္ဂလန်ဘက်က အမေရိကန်၊ ပြင်သစ်နဲ့ ချီလီတို့က ကူညီခဲ့တယ်။ အာဂျင်တီးနားဘက်က ၆၄၉ ယောက် ကျဆုံးပြီး အင်္ဂလန်ဘက်က ၂၅၅ ယောက် ကျဆုံးခဲ့တဲ့ စစ်ပွဲပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်သူတွေလည်း အားမငယ်ပါနဲ့။ သူရဦးရွှေမန်းတို့၊ ဦးသိန်းစိန်တို့ဘက်က လူတွေလည်း မပူကြပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတဖြစ်ဖို့ စည်းကမ်း ချက်တွေကို ရေးဆွဲစဉ်က သူတို့ကိုယ်သူတို့ မှန်ထဲကြည့်ပြီး ရေးဆွဲထားတာမို့ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
Kaung@125gmail.com
ကောင်းဆက်နိုင်
ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၃ မှ ဆရာကောင်းဆက်နိုင်၏ ဆောင်းပါး ...
အေးချမ်းမွန် Credit To > ပြည်သူ့ခေတ်ဂျာနယ်
Post a Comment