0


ရန်ကုန်၊ နိုဝင်ဘာ ၁၀

အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ မဟုတ်ဘဲ အခြေခံ အလုပ်သမားသမဂ္ဂ ၂၀၀ ကျော်၏ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ယာယီ) ကို နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂမှ အတွင်းရေးမှူး ဦးစိုင်းခိုင်မိုးထွန်းက ပြောကြားသည်။

အဆိုပါ အဖွဲ့ချုပ် (ယာယီ) ကို ဖွဲ့စည်းရန် နိုဝင်ဘာလ ၁၀ ရက်နေ့က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ နာရေး ကူညီမှုအသင်း (ရန်ကုန်) သုခခန်းမတွင် ကျင်းပသည့် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ ညီလာခံတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အလုပ်သမား အဖွဲ့အစည်း ဥပဒေပါအတိုင်း အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်ကို တရားဝင် ဖွဲ့စည်းရန် အခက်အခဲ ရှိသဖြင့် အခြေခံ လုပ်သားသမဂ္ဂ ၂၀၀ ကျော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း အလုပ်သမားများက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေတွင် အခြေခံ လုပ်သား အဖွဲ့အစည်း ဖွဲ့စည်းရန် လုပ်သား အနည်းဆုံး ၃၀ ဦး လိုအပ်ပြီး လုပ်ငန်းတွင် လုပ်ကိုင်သူ အနည်းဆုံး ၁၀ ရာခိုင်နှုန်းက ထောက်ခံမှသာ ဖွဲ့စည်းခွင့်ရှိသည်။
“အခြေခံအဆင့် အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းတဲ့ နေရာမှာ ၁၀ ရာခိုင်နှုန်း ရဖို့ဆိုတာ မလွယ်ဘူး” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (ယာယီ) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်လင်းက ပြောကြားသည်။

ယင်းအပြင် မြို့နယ်အဆင့် ဖွဲ့စည်းရာတွင် အခြေခံ လုပ်သား အဖွဲ့အစည်းများ၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် မြို့နယ်လုပ်သား အဖွဲ့အစည်းများ၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း၊ အလုပ်သမား အဖွဲ့ချုပ်ကို ဖွဲ့စည်းရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်သားအဖွဲ့ အစည်းများ၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ကို ဖွဲ့စည်းရန် အလုပ်သမား အဖွဲ့ချုပ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ထောက်ခံမှသာ ဖွဲ့စည်းနိုင်သည့် သတ်မှတ်ချက်များ ရှိနေကြောင်း အဆိုပါ လုပ်သားများထံမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် လုပ်သားအခြေခံ သမဂ္ဂများ တစ်ဖွဲ့ချင်းစီ လုပ်သားအရေး ဆောင်ရွက်ရာတွင် ထိရောက်မှု အားနည်းနေကြောင်း၊ အဖွဲ့ချုပ်အဖြစ် ပေါ်ပေါက်လာပါက လုပ်သားနှင့် အလုပ်ရှင်များကြား ပြဿနာများတွင် ညှိနှိုင်းပေးခြင်း၊ ဖိအားပေးခြင်း စသည်တို့ကို ထိထိရောက်ရောက် ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ယာယီ) ကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂမှ ကိုယ်စားလှယ် ဦးအာကာမိုးသူက ပြောကြားသည်။

ယင်းညီလာခံတွင် အဖွဲ့ချုပ်၏ ယာယီဥက္ကဋ္ဌနှင့် ယာယီ ကော်မတီဝင်များကို အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်များက မဲစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး အဖွဲ့ချုပ် သက်တမ်းမှာ သုံးလရှိကြောင်း၊ သုံးလ ပြည့်ပြီးပါက ညီလာခံ ပြန်လည် ကျင်းပကာ အဖွဲ့ချုပ်ကို စနစ်တကျ ထပ်မံဖွဲ့စည်းမည် ဖြစ်ကြောင်း ဦးစိုင်းခိုင်မိုးထွန်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိအချို့ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေဆိုခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် အခြေခံ အလုပ်သမား အဖွဲ့အစည်း ၆၄၀ ကျော် ရှိပြီး သင်္ဘောသားများ အဖွဲ့ချုပ် နှစ်ဖွဲ့ရှိသည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top