0


နေပြည်တော်၊ နိုဝင်ဘာ ၉

ပညာရေးဝန်ကြီးဌာန၏ နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်နေသော ပြည်သူ့ဘဏ္ဍာငွေ ၁၅၁ ဒသမ ၃၉၄ သန်းကို ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ညှိနှိုင်း ပေးဆောင်သွားမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်က ပြောကြားသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီတို့၏ စစ်ဆေး တွေ့ရှိချက်များကြောင့် နိုဝင်ဘာလ ၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ လာရောက် ရှင်းလင်းရာ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နှစ်အဆက်ဆက် ကျန်ရှိနေသော ယင်းဌာန၏ ကြွေးကျန်များသည် ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ၏ လမ်းညွန်ချက်အရ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ အဝေးရောက် ဝန်ထမ်းများအတွက် နွေရာသီ အိမ်အပြန် ခရီးစရိတ်များကို သုံးနှစ်ဆက်တိုက် ထုတ်ပေးခဲ့သောကြောင့် ကျန်ရှိနေခြင်း ဖြစ်ကြောင်း ၎င်းကလွှတ်တော်သို့ တင်ပြ ပြောဆိုသည်။

၎င်းအပြင် ကျန်ရှိနေသောကြွေး ကျပ် ၆ ဒသမ ၄၅၂ သန်းမှာ မွန်ပြည်နယ်ရှိ ကျောင်းများ ဆောက်လုပ်ရာတွင် အချိန်မီ ပြီးစီးမှု မရှိသည့်အတွက် ဖြစ်ကြောင်း၊ ယင်းရက်လွန်ကြေးများကို ပေးသွင်းရန် မလိုတော့ကြောင်း မွန်ပြည်နယ် စာရင်းစစ်ချုပ်မှ ထုတ်ပြန်ထားသည်။

၂၀၁၃-၁၄ ခုနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေးအတွက် ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတောင်းခံသည့် ဝန်ကြီးဌာနများတွင် ပညာရေးဝန်ကြီးဌာနသည် ယင်းဌာန၏ သုံးငွေမဟုတ်သည့် ငွေကို တောင်းခံခဲ့သည့်အတွက် တလွဲငွေ တောင်းခံသည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုဝင်ဘာလ ၅ ရက်တွင် ပြောကြားခဲ့သည်။

အေးချမ်းမွန် Credit To > The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top