နေပြည်တော်၊ နိုဝင်ဘာ ၁၁
ရှေးဦးကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကြမ်းတွင် ထောင်ဒဏ်နှင့် ငွေဒဏ် ထည့်သွင်းထားခြင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ် အချို့က နိုဝင်ဘာ ၁၁ ရက်နေ့က ကျင်းပ ပြုလုပ်သော ပြည်သူလွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်လိုက်သည်။
ယင်းဥပဒေကြမ်းတွင် ကလေးသူငယ် ပြုစုပျိုးထောင်ရေးကျောင်း တည်ထောင်ခွင့် အမိန့်မရဘဲ မူကြိုကျောင်း ဖွင့်လှစ်ခြင်း၊ တည်ထောင် ခွင့်ပြုမိန့်ကို အကန့်အသတ်ဖြင့် ရုပ်သိမ်း ထားသော်လည်း နေ့ကလေးထိန်းဌာန သို့မဟုတ် မူကြိုကျောင်း ဖွင့်လှစ်ခြင်းတို့ ပြုလုပ်ပါက ထောင်ဒဏ် ခြောက်လနှင့် ကျပ် ၁၀ သိန်းထက်မပိုသော ငွေဒဏ်ကို ချမှတ်ရမည်ဟု သတ်မှတ်ထားပြီး၊ ခွင့်ပြုချက်မရဘဲ ရပ်ရွာ အခြေပြုလုပ်ငန်း သို့မဟုတ် အိမ်အခြေပြု လုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပါက ခွင့်ပြုငွေ ဒဏ်ကျပ် ၁၀ သိန်းထက် မပိုသော ငွေဒဏ်ကို ချမှတ်ရမည်ဟု ထည့်သွင်းထားခြင်းတို့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ခြင်း ဖြစ်သည်။
“ဥပဒေဆိုတာ ပြည်သူလူထုကို ကာကွယ်ဖို့ ဖြစ်တယ်။ ပြည်သူလူထုကို ဒဏ်ပေးဖို့ မဟုတ်ဘူး ဆိုတာကို ထင်ထင်ရှားရှား အများသိအောင် လုပ်ပေးဖို့ လိုပါတယ်။ နေ့ကလေးထိန်းဌာန ဖွင့်တာ လောက်ကို ဒဏ်ကြီးပေးမယ်ဆိုတာ မသင့်တော်တာကြောင့် ပြစ်မှုပြစ်ဒဏ်ကို ကျွန်မလည်း ကန့်ကွက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အဆိုပါ ဥပဒေကြမ်းတွင် ပြစ်မှု ပြစ်ဒဏ် ထည့်သွင်းထားခြင်းကို NLD ပါတီ လွှတ်တော် ကိုယ်စားလှယ် များဖြစ်သော ဒေါ်စုစုလွင်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဝင်းမြင့်တို့က ဝင်ရောက် ကန့်ကွက်ခဲ့ပြီး ယင်းဥပဒေကို ပြန်လည် ညှိနှိုင်း ဆွေးနွေးရန်နှင့် အတည်ပြုခြင်းကို ခေတ္တရပ်ဆိုင်းထားရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာလိုက်သည်။
ဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များသည် ဒီမိုကရေစီ ဖော်ဆောင်ရေး ကာလတွင် လိုအပ်နေသောကြောင့် ထည့်သွင်းထားရခြင်း ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်း (ချောင်းဦး မဲဆန္ဒနယ်) ကပြောကြားသည်။
ပြစ်မှု ပြစ်ဒဏ်များကြောင့် မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူများ၏ ကူညီ ရိုင်းပင်းတတ်သော စိတ်ပိုင်း၊ ရုပ်ပိုင်းများကို များစွာ ထိခိုက်စေနိုင်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပုဒ်မပေါင်း ၃၂ ခု ဖြင့် ပြင်ဆင် ရေးဆွဲ ထားခြင်း ဖြစ်သည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment