နေပြည်တော်၊ နိုဝင်ဘာ ၅
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ကိစ္စများအတွက် အသုံးပြုရန် ငွေကျပ် သိန်းပေါင်း တစ်သောင်း တောင်းခံထား သော်လည်း လုံလောက်မည် မဟုတ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန (၁) မှ ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ပြောကြားသည်။
တိုင်းရင်းသားရေးရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး ကိစ္စများအတွက် အသုံးပြုရန် ငွေလုံးငွေရင်း ကျပ်သိန်းပေါင်း တစ်သောင်းကို တောင်းခံထားပြီး လတ်တလောတွင် ငြိမ်းချမ်းရေး ဖော်ဆောင်နေသော အဖွဲ့အား ကျပ်သိန်းတစ်ထောင် ကြိုထုတ် ပေးထားကြောင်း ၎င်းက ရှင်းပြသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး အတွက် နိုင်ငံတော် သမ္မတရုံး၏ တောင်းခံငွေကို ယနေ့ (နိုဝင်ဘာ ၅ရက်နေ့) တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် တင်ပြ တောင်းခံခြင်း ဖြစ်သည်။
ယင်း တောင်းခံငွေကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီးချိန်တွင် အသုံးပြုမည် ဖြစ်ပြီး နေရပ် ရွှေ့ပြောင်း နေထိုင်ကြသူများ ပြန်လည် နေရာ ချထားရေး၊ ပညာရေး၊ ကျန်းမာရေး၊ တိုင်းရင်းသား လက်နက်ကိုင်များကို နေရာ ချထားရေး၊ စားဝတ်နေရေး ကိစ္စရပ်များတွင် အသုံးပြုရန် လျာထားကြောင်း ဦးသန့်ရှင်းက ရှင်းပြသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၃ ဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့ ၁၁ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။
အေးချမ်းမွန် Credit To >The Voice Weekly
http://
Post a Comment