တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊
ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို
‘မေတ္တာဘာဝနာ’လို့ ဆိုနိုင်ပါတယ်။ အဲဒီလိုစိတ်တွေပွားအောင် များအောင်
အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာပွားတယ်လို့ ဆိုနိုင်ပါတယ်။
စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ
မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်။
နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။
ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..
“အဝေရာ ဟောန္တု
အဗျာပဇ္ဇာ ဟောန္တု
အနီဃာ ဟောန္တု
သုခီအတ္တာနံ ပရိဟရန္တုလို့
အကြိမ် ရာထောင်မက
နှလုံးသွင်း ပွားများနေရပါမယ်။
မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ
ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက်
ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။ ဒါ့ကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး
အဓိပ္ပာယ်လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ
သုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။
အင်္ဂလိပ်လိုမေတ္တာဘာဝနာပွားချင်ရင်တော့အောက်ပါအတိုင်းဖြစ်ပါတယ်..
MAY YOU BE FREE FROM ENMITY AND DANGER
MAY YOU BE FREE FROM MENTAL SUFFERING
MAY YOU BE FREE FROM PHYSICAL SUFFERING
MAY YOU TAKE CARE OF YOURSELF HAPPILY
“ကြိုတင်သိထားရမယ့် အချက်တွေကတော့..”
==========================
(၁) မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်
(၂) မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့
လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကိုဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။
(၃) မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ
မိမိပို့လွှတ်ရာကို မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။
နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အား ကောင်းသွားတဲ့အခါမှာတော့
မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။
(၄) ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။
မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။
(၅) “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်
မိမိရှေ့မှာ မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို
စိတ်ထဲ ပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။
(၆) မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာစတဲ့ ပုဗ္ဗကိစ္စ
ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။
(၇) အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး
အကြိမ်များများကို ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။
နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။
မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊
ဒီလိုအတွေ့အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။
အလိုလိုပဲ စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသား ဖြစ်နေတတ်ပါတယ်။
(၈) လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄မျိုးထဲမှ အလျဉ်းသင့်သလို တစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။
လေးလေးနက်နက်ဖြစ်ဖို့ရာ အတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။
(တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)
(၉) သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။
သေပြီးသူဟာ မေတ္တာအာရုံယူဖို့ မဖြစ်နိုင်တော့တာမို့ သေပြီးသူကိုအာရုံပြုပြီး မေတ္တာမပွားရပါဘူး။
(အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)
(၁၀) ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့
- မုန်းသူ
- အလွန်ချစ်သူ
- မချစ်မမုန်းသူနှင့်
- ရန်သူတို့ ဖြစ်တယ်။
အကြောင်းမှာ…. မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ် ဖြစ်ဖို့ခက်တဲ့အပြင်
ဦးစွာမေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။
အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။
အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။
ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။
မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။
(၁၁) ဆန့်ကျင်ဘက်လိင် (ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို) မေတ္တာပွားမယ်ဆိုရင်လည်း
မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်း တွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။
သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို
မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။
အရှင်ခေမာနန္ဒ (မဟာမြိုင်တောရ)
အေးချမ်းမွန် Credit To > နှလုံးသားအာဟာရ ·

Post a Comment