ရန်ကုန်၊ နိုဝင်ဘာ ၂၆
ယာဉ်အိုယာဉ်ဟောင်း စီမံချက်အရ လာမည့် ၂၀၁၄ ခုနှစ်တွင် ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များကို ၂၀၁၄ ခုနှစ်ထုတ် ဘယ်မောင်းမော်တော်ယာဉ်သစ် (Brand New) များကိုသာ တင်သွင်းခွင့် ပြုမည်ဆိုသော မူဝါဒကြောင့် အစိုးရဝန်ထမ်း များကို ဒုတိယအကြိမ်မြောက် ရောင်းချပေးမည့် မြန်မာမီနီဆလွန်း မော်တော်ယာဉ် များတွင် ဘယ်မောင်းများကိုသာ ထုတ်လုပ် သွားမည်ဖြစ်ကြောင်း အမှတ်(၁)စက်မှု ဝန်ကြီးဌာန အကြီးစား စက်မှုလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးသောင်း က ပြောကြားသည်။
မီနီဆလွန်း ထုတ်လုပ်ရန် အောက်တိုဘာလလယ်မှ နိုဝင်ဘာလ ၈ ရက်နေ့ အထိ ပြည်တွင်းပြည်ပ ကုမ္ပဏီငါးခုမှ အဆိုပြုလွှာများ လက်ခံခဲ့ပြီး အမှတ် (၁) စက်မှုဝန်ကြီးဌာနက အဆိုပြုလွှာ တင်သွင်းသည့် ပုဂ္ဂလိကကုမ္ပဏီ ငါးခုနှင့် အခြား ကုမ္ပဏီငါးခု ဆွေးနွေးခဲ့ကြောင်း၊ ယင်း ကုမ္ပဏီများထဲမှ သင့်တော်မည့် ကုမ္ပဏီအချို့ကို ရွေးချယ်၍ ထုတ်လုပ်စေမည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
ယခုထုတ်လုပ်မည့် မီနီဆလွန်း များတွင် ဝန်ထမ်းများနှင့် သင့်တော်မည့် ယာဉ်များကို ထုတ်လုပ်ပေးသွားမည် ဖြစ်ပြီး မည်သည့်နိုင်ငံ၊ မည်သည့် ယာဉ်အမျိုးအစား ထုတ်လုပ်မည်ကို ကုမ္ပဏီ အတိအကျ မရွေးချယ်ရသေး၍ မသိနိုင်သေးကြောင်း ဦးဆောင်ညွှန်ကြားရေးမှူးက ပြောကြားသည်။
အကြီးစား စက်မှုလုပ်ငန်းက ကုမ္ပဏီများနှင့် ပူးပေါင်း၍ အင်ဂျင်ပါဝါ 1000 CC အောက် မော်တော်ယာဉ်စီးရေ ၃၀၀ ခန့် ထုတ်လုပ် ရောင်းချပေးရန် စီစဉ်လျက်ရှိပြီး တစ်စီးလျှင် ကျပ်သိန်း ၆၀ ခန့်ဖြင့် ဝန်ထမ်းများအား ၂ နှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း အမှတ် (၁) စက်မှုဝန်ကြီးဌာနက အဆိုပြုလွှာ ခေါ်ယူခဲ့စဉ်က နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်။
"အပြင်က ဝယ်တဲ့သူ များလာရင်တော့ ဒီ့ထက်ပို ထုတ်ပေးသွားမယ်။ အဲဒီ အခါကျရင် အစီးရေက ၄၀၀ လောက်လည်း ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ အပြင်က ဝယ်မယ်ဆိုရင်တော့ အရစ်ကျနဲ့ ရောင်းချ ပေးမှာ မဟုတ်ပါဘူး။ တစ်ခါတည်း ငွေ အကုန်ချေရပါမယ်" ဟု ဦးဆောင် ညွှန်ကြားရေးမှူးက ဆိုသည်။
မြန်မာမီနီဆလွန်း များသည် အရည်အသွေးပိုင်း နိမ့်၍ အကြမ်းမခံ ခြင်းကြောင့် မြန်မာနိုင်ငံမှ မော်တော်ကား စီးသူအများစုက ကြိုက်နှစ်သက်ခြင်း မရှိဘဲ ဂျပန်နိုင်ငံထုတ် မော်တော်ယာဉ်များ ကိုသာ အများစု နှစ်ခြိုက်ကြကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်း များက သုံးသပ် ပြောကြားသည်။
"၂၀၁၄ မှာ ပြောင်းမယ်လို့ ပြောနေတဲ့ မူဝါဒတွေအရ ပြောရမယ်ဆိုရင် ဒီကားတွေက အသုံးဝင်မယ်လို့ မထင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ နောက်နှစ်ဆို ဂျပန်ကား ကားကောင်းတွေတောင် ဈေးတွေက ကျသွားနိုင်တယ်လေ။ တကယ်လို့ ဒီကားတွေကို အစိုးရဘက်က သိန်း ၃၀ လောက်နဲ့ ရောင်းပေးနိုင်မယ် ဆိုရင်တော့ လူတိုင်း ကားစီးနိုင်လာ ပါလိမ့်မယ်" ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း ဦးအေးကျော်က ဆိုသည်။
မြန်မာမီနီဆလွန်း များကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ စတင်ထုတ်လုပ်ခဲ့ပြီး အစီးရေ ၂၀၀၀ ကျော် ထုတ်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment