Created on Friday, 29 November 2013 23:09
မန္တလေးမြို့ရှိ လမ်းဘေး ကလေးများအတွက် ရည်ရွယ်သော ပလက်ဖောင်းပျိုးခင်း ပညာရေးမှ ကလေးများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်း သိရသည်။
၇၈လမ်း၊ ၃၁လမ်းနှင့် ၃၂လမ်းကြား Fantacy Word ကလေးကစားကွင်းရှေ့ ပလက်ဖောင်းတွင် ညစဉ် ၇ နာရီမှ ၉ နာရီထိ သင်ကြားပေးသော ဘူတာကြီးတစ်ဝိုက်ရှိ ရုန်းကန်နေရသော အခြေအနေမဲ့၊ မိဘမဲ့ကလေးများအတွက် ရည်ရွယ်သော ပလက်ဖောင်း စာသင်ဝိုင်းတွင်း ကလေး ၃၈ ယောက်ထိ သင်ကြားပေးနေကြောင်း သိရသည်။ အဆိုပါစာသင်ဝိုင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ယောက်ျားလေးတစ်ဦး၊ မိန်းကလေးတစ်ဦး ပါဝင်သည်။
"ရာသီဥတု အပြောင်းအလဲနဲ့ ကလေးတွေအားလုံးက လမ်းဘေးမှာပဲ နေရတာမို့ ရောဂါတွေ အလွယ်တကူဝင်တယ်။ အခုဆိုရင် ကလေးတစ်ယောက် တီဘီရောဂါဖြစ်လို့ သူ့အမေနဲ့ အစ်မပါ ဆေးစစ်ပေးတာ တစ်မိသားစုလုံး တီဘီဖြစ်လို့ ကုပေးနေတယ်။ ကျွန်မတို့အနေနဲ့ကလည်း ကလေးတစ်ဦးချင်းဆီရဲ့ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကိုပဲ ကနဦး လုပ်ပေးနိုင်မှာ။ မိသားစုလိုက် လိုအပ်ချက်တွေကတော့ လုပ်မပေးနိုင်သေးဘူး" ဟု စာသင်ကြားပေးနေသော ဆရာမနှင်းဆီက ပြောကြားသည်။
၇၈လမ်း၊ဘူတာကြီးတစ်ဝိုက်တွင် မိဘရှိသော်လည်း အဘိုး၊ အဘွား၊ မွေးချင်းမောင်နှမများမှ တစ်ဦးစီနှင့် နေရခြင်း၊ မိဘမဲ့ကလေးများ ပါဝင်သော အဆိုပါ ပလက်ဖောင်းပျိုးခင်းမှ ကလေးများနေထိုင်ရာ အိမ်ထိ ဆရာ၊ ဆရာမများက ပညာသင်ကြားမှုတင်သာမဘဲ အိမ်အထိ စောင့်ရှောက်လမ်းညွှန်ပေးမှုများ လုပ်ပေးနေကြောင်းလည်း သိရသည်။"ဆယ်တန်းဖြေမယ့် ကလေးမလေးဆိုရင် လမ်းဘေးမှာ နေရတဲ့အတွက် စာသင်ပေးရုံတင်မကဘဲ သူ့နေတဲ့ နေရာလိုက်ကြည့်၊ လိုအပ်ရင် ကျွန်မတို့နဲ့ ခေါ်ထားတာမျိုးထိ စောင့်ရှောက်ပေးရပါတယ်။ စာရေးကိရိယာနဲ့ အ၀တ်စား အသုံးဆောင်တွေကတော့ လှူဒါန်းမှုတွေ များပြားလို့ လုံလောက်နေပါပြီ။ ကျန်းမာရေးအတွက် ပရဟိတအသင်းတွေ၊ ဆရာဝန်တွေနဲ့ အခုချိတ်ဆက်ပြီး စစ်ဆေးပေးသွားဖို့ လုပ်နေပါတယ်" ဟု ဆရာမက ပြောပြသည်။
မန္တလေးတွင် မဟာမုနိဘုရားကြီး၊ ဒိုင်းမွန်းပလာဇာ၊ ဘူတာကြီးတစ်ဝိုက်တွင် တောင်းရမ်းစားသောက်ခြင်း၊ ကော်ရှူသည့် ကလေးများ ကျက်စားလေ့ရှိရာ အဆိုပါ စာသင်ဝိုင်းမှ ယင်းကဲ့သို့ မဖြစ်စေရန် ကလေးများကို လိုက်လံခေါ်ယူ စာသင်ကြားပေးခြင်းများ၊ ဆရာတော် ကုမုဒကလည်း ယဉ်ကျေးလိမ္မာ စာပေများ သင်ကြားပေးခဲ့ကြောင်းလည်း သိရသည်။
၇၈ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ ပလက်ဖောင်းပေါ်တွင် ဖွင့်လှစ်သင်ကြားပေးနေသော ပလက်ဖောင်းပျိုးခင်းပညာရေးမှ ကလေးများအား တွေ့ရစဉ်
အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment