0


Created on Friday, 29 November 2013 22:51

မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ထိန်းသိမ်းခံရသူများတွင် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်အများဆုံး ပါဝင်နေပြီး မိဘများမှ ကိုယ်တိုင်လာရောက် အပ်နှံခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မူးယစ်အထူးအဖွဲ့၊ မူးယစ်တပ်ဖွဲ့စု (၄၁)မှ ရဲအုပ်နိုင်လင်းထွန်း၏ ပြောကြားချက်အရ သိရသည်။

တားမြစ် မူးယစ်ဆေး အမျိုးပေါင်း ၁၂၅ မျိုးရှိသည့်အနက် အများဆုံး ထိန်းသိမ်းရရှိသည့် မူးယစ်ဆေး အမျိုးအစားများမှာ ဘိန်းဖြူ၊ စိတ်ကြွ ရူးသွပ်ဆေးပြား၊ ဆေးခြောက်၊ ဘိန်းစိမ်းနှင့် တားမြစ်အိမ်သုံးဆေးဝါးများ ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။

"အခုခေတ်လူငယ်တွေက ဓာတုဗေဒ ကုန်ကြမ်းတွေ အများဆုံးပါဝင်တဲ့ WY ခေါ် ကြယ်သီး စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ တားမြစ်အိမ်သုံးဆေးဝါးတွေကို အများဆုံး သုံးနေကြတယ်။ စိတ်ကြွရူးသွပ်ဆေးပြားဆိုရင် 0.1gm ရှိတဲ့ဆေးပြားတစ်ပြားကို ကျပ် ၅၀၀၀၊ ၆၀၀၀ ကြား ပေးဝယ်ရတယ်။ အစတော့ မိဘပိုက်ဆံနဲ့ ၀ယ်သုံးနေကြရာကနေ ကြာလာတော့ မိသားစုဝင်တွေ သိလာပြီး ပိုက်ဆံပေးမသုံးတော့ဘူး။ ပိုက်ဆံရပေါက် ရလမ်းတွေကို အပြင်မှာ ရှာလာကြတော့ ခိုးတတ်၊ ၀ှက်တတ်ပြီး စာရိတ္တ ပျက်ပြားလာကြတယ်။ အဲဒီအခါ မိဘတွေက ကိုယ်တိုင် မထိန်းသိမ်းနိုင်တော့လို့ နောက်ပိုင်းမှာ ကျွန်တော်တို့ဆီကို ဆက်သွယ်ပြီး အပ်နှံလာကြတာတွေ ရှိတယ်။ မိဘကိုယ်တိုင် အချိန်မီ လာရောက်အပ်နှံတဲ့သူတွေကို အရေးယူ ဆောင်ရွက်တာတွေ မပြုလုပ်ဘဲ သက်ဆိုင်ရာ ဆေးဖြတ်စခန်းတွေ၊ ပြန်လည်ထူထောင်ရေး စခန်းတွေကို ပို့ပေးပြီး ကြပ်မတ်ကုသပေးသွားမှာ ဖြစ်ပါတယ်"ဟု ရဲအုပ်နိုင်လင်းထွန်းက ဆိုသည်။

မူးယစ်ဆေးဖြတ် လူနာများသည် အများအားဖြင့် နောက်ဆက်တွဲ ဝေဒနာများဖြစ်သည့် HIV၊ တီဘီ၊ ၀မ်းပျက်ဝမ်းလျှောရောဂါ၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ ကိုယ်အရေပြားရောဂါများနှင့် စိတ်ကျ ရောဂါများကို ခံစားရလေ့ရှိပြီး ဝေဒနာပြင်းထန်လာပါက ရာဇ၀တ်မှု ကျူးလွန်ခြင်းနှင့် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုများလည်းရှိကြောင်း သိရသည်။

သိန်းနီမြို့နယ် ရစယ်အူ-နမ့်ခိုက်ရွာသွား ကားလမ်းတွင် ဖမ်းဆီးရမိခဲ့သည့် ကျပ် ၅၆၉၉၁ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ တရားခံများအား တွေ့ရစဉ်

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top