0


ဘုန်းမြတ်
ရန်ကုန်၊နိုဝင်ဘာ ၂၈

ဦးခင်ညွန့်အနေဖြင့်နိုင်ငံရေးလောကထဲပြန်လည်ဝင်ရောက်လာဖွယ် ရှိကြောင်း သတင်းဂျာနယ်များတွင်ရေးသားဖော်ပြချက်များနင့်ပတ်သက်၍ ၄င်းအနေဖြင့်နိုင်ငံရေးလုံးဝလုံးဝလုပ်မည်မဟုတ်ကြောင်း ၂၈ရက်နေ့၌ ရန်ကုန်မြို့ ကရဝိတ်နန်းတော်တွင် ကျင်းပသည့် ဦးခင်ညွန့်နှင့် အင်တာဗျူး စာအုပ်မိတ်ဆက်ပွဲတွင် ၄င်းက ယတိပျက် ပြောကြားလိုက်သည်။

“သတင်းဂျာနယ် အချို့ မှာ ရေးသားနေတဲ့ ကျွန်တော်နိုင်ငံရေးလုပ်နိုင်တယ်ဆိုတဲ့ ရေးသားမှုတွေ တွေ့ရတယ်၊ ကျွန်တော့်မိတ်ဆွေတွေရဲ့ မေးမြန်းမှုတွေလဲ ရှိတယ် ၊ ကျွန်တော်ဒီနေရာမှာ သုံးကြိမ် သုံးခါ ပြောလိုက်မယ် ကျွန်တော်နိုင်ငံရေး မလုပ်ပါဘူး ”ဟု ဦးခင်ညွန့်ကပြောသည်။
နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ဆက်လက်ပြောကြားရာတွင် အသက်အရွယ်အရ နိုင်ငံရေးလုပ်ရန် မသင့်တော်ကြောင်း၊ နိုင်ငံဦးဆောင်နိုင်မည့် ခေတ်ပညာတတ် လူငယ် အများအပြားရှိလာပြီ ဖြစ်သောကြောင့် ၄င်းအနေဖြင့် နိုင်ငံရေးလုပ်ရန် မလိုအပ်တော့ကြောင်း ပြောကြားသည်။

“နိုင်ငံရေးမှာလဲ ကျွန်တော်အကြံပေးစရာမလိုတော့ဘူး ကျွန်တော့်ထက် တော်တဲ့ တက်တဲ့ နိုင်ငံခြားမှာ ပညာသွားသင်လာတဲ့ ခေတ်ပညာတက် လူငယ်တွေ အများအပြားရှိလာပြီ ဒါ့ကြောင့် ကျွန်တော်မလိုအပ်တော့ပါဘူး” ဟုဦးခင်ညွန်ကပြောသည်။

၁၉၈၈ အရေးအခင်းနောက် ၁၈-၁ဝ-၁၉၈၈ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န-ဝ- တ) ပေါ်ထွန်းလာသောအခါ ဗိုလ်မှူးကြီးခင်ညွန့်သည် န-ဝ-တ အဖွဲ့၏ အတွင်းရေးမှူး(၁) အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည် ၊၁၉၉၁တွင် ဗိုလ်ချုပ် ၁၉၉၃တွင်ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာပြီး၎င်း၏ ထောက်လှမ်းရေးအင်အား စုကြီးကိုတိုးချဲ့လာခဲ့သည် ၊ ၁၉၉၇တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် အတွင်းရေးမှူး (၁) ဖြစ်လာပြီး တပ် မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးကို အဆင့်မြှင့်ကာ တပ်မတော် ထောက်လှမ်းရေးမှူးချုပ် အဖြစ် တိုးမြှင့်ထမ်းဆောင်ခဲ့သည်။

၂ဝဝ၂ တွင် ဗိုလ်ချုပ်ကြီးအဖြစ်တိုးမြှင့်ခံရကာ ၂ဝဝ၃ ခုနှစ်၊ သြဂုတ်လတွင် နိုင်ငံ တော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
၂ဝဝ၄ခုအောက်တိုဘာ၁၈ရက်တွင်အဂတိလိုက်စားမှုအကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရပြီး ရုံးတင်တရားစွဲဆိုခံရကာ ဆိုင်းငံ့ ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် (၄၄) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး တပ် မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံးကိုဖျက်သိမ်းခဲ့သည်၊ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သည် နေအိမ်အကျယ်ချုပ်ကျခံနေရင်း (၂ဝ၁၂) ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့ နံနက် (၁ဝ)နာရီတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ စတုတ္တအကြိမ်မြောက် အကျဉ်းသား ၆၅၁ ဦး လွတ်ရာ ၌ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ နဝဒေးလမ်း၊ မိုး/ဇလဌာနရုံး အနောက်ဘက်၊ အမှတ် (၂၇) နေအိမ်၌ နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

အေးချမ်းမွန် Credit To >Venus News Weekly https://www.facebook.com/excellencemedia
15

Post a Comment

 
Top