0


ရန်ကုန်၊ နိုဝင်ဘာ ၂၈

လေဆိပ်များ ဘေးကင်းရေး၊ လုံခြုံရေးများ အတွက် လေဆိပ် အုပ်ချုပ်ရေး ဥပဒေသစ် (Airport Authority Law) ၂၀၁၄ ခုနှစ်တွင် ထွက်ပေါ်လာမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။

လေဆိပ်အချို့ကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပြုရာတွင် လေဆိပ် တစ်ခုလုံးကို လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုခဲ့ခြင်း ဖြစ်သော်လည်း လေကြောင်းလမ်းညွှန် ဝန်ဆောင်မှုနှင့် ဘေးကင်း လုံခြုံမှု များကို လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက (DCA) တာဝန်ယူ လုပ်ဆောင်သွားမည် ဖြစ်ပြီး ဘေးကင်း လုံခြုံရေး အတွက် လေဆိပ် အုပ်ချုပ်ရေး ဥပဒေ (Airport Authority Law) နှင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“လေယာဉ် ပျံသန်းတာက စပြီး လေယာဉ် ဘီးချတဲ့အထိ DCA က ဆောင်ရွက်မှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လေဆိပ် အုပ်ချုပ်ရေး ဥပဒေ (Airport Authority Law) မှာ လေဆိပ်တွင်ရှိသော ဝန်ဆောင်မှု ဆိုင်ရာ ကိစ္စများ၊ စီးပွားရေး လုပ်ငန်းများ၊ အဖွဲ့အစည်းများကို ထိန်းသိမ်း ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ လေယာဉ် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကိုလည်း ဇူလိုင်လက လွှတ်တော်သို့ တင်ခဲ့ရာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ယင်း ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လေဆိပ် ၆၉ ခု အနက် လေဆိပ် ၃၃ ခု တွင် လေယာဉ်များ ဆင်းသက် ပျံသန်းနေပြီး ယင်းလေဆိပ်များ ထဲမှ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ ဖြစ်သော ရန်ကုန် လေဆိပ်ကို မြန်မာနိုင်ငံသားပိုင် Pioneer Aerodrome Service ကုမ္ပဏီသို့ လည်းကောင်း၊ မန္တလေး လေဆိပ်ကို ဂျပန်ကုမ္ပဏီ ဖြစ်သော Mitsubishi Jalux in Association with SPA (Japan) က လည်းကောင်း၊ ဟံသာဝတီ လေဆိပ်ကို ကိုရီးယားကုမ္ပဏီ ဖြစ်သော Incheon Airport Consortium က လည်းကောင်း လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top