0


သောကြာ| သောကြာနေ့၊ နိုဝင်ဘာလ ၈ ရက် ၂၀၁၃ ခုနှစ်

ဆီးဂိမ်းအုပ်စုမဲခွဲမှုများပြီးနောက် အုပ်စုတွင်းတွင် ခြေစမ်းပွဲများ၌ ရှုံးနိမ့်ထားသော ဗီယက်နမ်နှင့် မလေး ရှားအသင်းတို့ကို ရှောင်လွှဲနိုင်ခဲ့သည့်အတွက် ကျေနပ်ကြောင်း မြန်မာယူ-၂၃ နည်းပြချုပ်ပတ်ဆောင်ဟွာက ပြောသည်။

မြန်မာယူ-၂၃ အသင်းသည် ဆီးဂိမ်း အုပ်စု(ခ)တွင် ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ တီမောအသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ အုပ်စုအနေအထားနှင့် ပတ်သက်ပြီး ပတ်ဆောင်ဟွာက “အုပ်စုအနေအထားကို သဘောကျပါတယ်။ ထိုင်းအသင်းက ကောင်းတယ်ဆိုပေမယ့် မကစားဖူးသေး ပါဘူး။ အင်ဒိုနီးရှားအသင်းလည်း အတူတူပါပဲ။ ကျွန်တော်တို့က မလေးရှား၊ ဗီယက်နမ် အသင်းတွေနဲ့ ကစားဖူးပါတယ်။ နှစ်သင်းစလုံးကို နှစ်ကြိမ်စီရှုံးထားတော့ ကစားသမားတွေ စိုးရိမ်စိတ်ဝင်နေနိုင်ပါတယ်။ နောက်ပြီး စင်ကာပူကလည်း အသင်းကောင်းတစ်သင်းပါ။လာအိုအသင်းဆိုရင်လည်း ဂျပန်နည်းပြနဲ့ တစ်နှစ်ကျော်လောက် လေ့ကျင့်ထားတာဆိုတော့ အများကြီးတိုးတက်မှုတွေရှိလာတဲ့အသင်း ပါ။ ဒီလိုအသင်းတွေနဲ့ တစ်အုပ်စုတည်း မကျတာ ကံကောင်းတယ်လို့ ဆိုရမှာပါ” ဟု သုံးသပ်ခဲ့သည်။

မြန်မာယူ-၂၃ အသင်းသည် လက်ရှိအချိန်တွင် ဂျပန်နိုင်ငံ၌ လေ့ကျင့်မှုများ ပြုလုပ်နေပြီး ဆီးဂိမ်းမတိုင်မီ ဂျပန်ယူ-၂၃ အသင်းနှင့် ခြေစမ်းရန်လည်း စီစဉ်ထားသည်။ ဆီးဂိမ်းအကြို ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ရာ၌ မြန်မာအသင်းအနေဖြင့် နှစ်ပွဲသာအနိုင်ရထားပြီး ဒေသတွင်းပြိုင်ဖက်များဖြစ်သော ဗီယက်နမ်ကို ၀-၂၊ ၁-၃၊ မလေးရှားကို ၁-၂၊ ၀-၂ ဂိုး တို့ဖြင့် ရှုံးနိမ့်ထားသည်။ မြန်မာအသင်းသည် ဆီးဂိမ်းတွင် အဖွင့်ပွဲ စဉ်အဖြစ် ဒီဇင်ဘာ ၇ ရက်တွင် ကမ္ဘောဒီးယားနှင့် ကစားရမည် ဖြစ်သည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top