ရန်ကုန်၊ နိုဝင်ဘာ ၂၀
ကမ္ဘာ့ဈေးကွက်ဝင် တီလားဗီးယားငါး ပြန်လည် မွေးမြူရန် ပြည်ပမှ အထောက်အပံ့ပေးသည့် အဖွဲ့အစည်းများကြောင့် ပြည်တွင်း လုပ်ငန်းရှင်များ စိတ်ဝင်စားမှု မြင့်တက်လျက် ရှိကြောင်း ပြည်တွင်း ငါးမွေးမြူရေး လုပ်ငန်းရှင်များ ထံမှ သိရသည်။
မြန်မာနိုင်ငံတွင် တီလားဗီးယားငါး မွေးမြူရေးအတွက် အမေရိကန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည့် US Aid အထောက်အပံ့ဖြင့် ကူညီပေးနေသော Winrock အဖွဲ့နှင့် USSEC (US-Soybean Export Council) တို့က ထောက်ပံ့ ကူညီလျက် ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။
အဆိုပါ အဖွဲ့အစည်း နှစ်ခုသည် တီလားဗီးယားငါး မွေးမြူရေးမှ ဈေးကွက် အထိ တင်ပို့ ရောင်းချသည့် နည်းပညာ ဆိုင်ရာများကို မြန်မာ့ လုပ်ငန်းရှင်များသို့ သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ကာ ပို့ချလျက် ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။
USSEC အဖွဲ့သည် တီလားဗီးယားငါး မွေးမြူသော အာရှ နိုင်ငံများရှိ မွေးမြူရေး နည်းစနစ်များမှ အားနည်းချက်၊ အားသားချက်များကို မြန်မာ မွေးမြူရေး လုပ်ငန်းရှင်များသို့ ဖြန့်ဝေပေးခဲ့ကြောင်း၊ ထို့ပြင် အစာကျွေးပုံ နည်းစနစ်များနှင့် အာဟာရ တန်ဖိုးများကိုလည်း ပြည်တွင်း လုပ်ငန်းရှင်များသို့ သင်တန်းပေးခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ်ခန့်က တီလားဗီးယားငါးကို စမ်းသပ် မွေးမြူနိုင်ခဲ့ပြီး ထုတ်လုပ်မှု စရိတ်ကြီး မြင့်မှုကြောင့် လုပ်ငန်း ရပ်နားခဲ့ရကြောင်း ပြည်တွင်း ထိပ်တန်း ငါးမွေးမြူရေး လုပ်ငန်းရှင် ဦးသန်းလွင်က ဆိုသည်။
ပြည်တွင်းရှိ ငါးမွေးမြူရေး လုပ်ငန်းများ၏ အစာကျွေးမှု စနစ်တွင် လိုအပ်ချက်များ ရှိခြင်းသည် ထုတ်လုပ်မှု စရိတ်ကို မြင့်တက်စေခြင်း၏ အခြေခံအချက် ဖြစ်ပြီး မွေးမြူရေး အစာကုန်ကြမ်းများ ပြည်ပသို့ ထွက်ခြင်းသည်လည်း ထုတ်လုပ်မှု စရိတ် မြင့်တက်လာစေလျက် ရှိကြောင်း ၎င်းက ပြောဆိုသည်။
တီလားဗီးယားငါး မွေးမြူမှုနှင့် ပတ်သက်၍ ပြည်တွင်း မွေးမြူသူများသည် အရိုးများသည့် ငါးမြစ်ချင်းငါးကို မွေးမြူမည့်အစား ပြည်ပ ဈေးကွက်ရှိသည့် တီလားဗီးယားငါးကို ပြန်လည် မွေးမြူသင့်သည်ဟု ရေထွက်ပို့ကုန် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမိုးမြင့်ကျော်က သုံးသပ်သည်။
“မွေးရတဲ့ အချိန်လည်း နည်းတယ်။ ငါးမြစ်ချင်းလို သုံးနှစ် မွေးစရာ မလိုဘူး။ ပြည်ပ ဈေးကွက် ရှိပြီး ဈေးကောင်း ရတယ်။ အစိုးရရဲ့ ထောက်ပံ့မှုသာ ရရင် ပြည်တွင်းမှာ ကောင်းကောင်း မွေးနိုင်တယ်” ဟု ၎င်းက ရှင်းပြသည်။
ကမ္ဘာပေါ်တွင် တီလားဗီးယားငါးကို အများဆုံး မွေးမြူသည့် နိုင်ငံမှာ ထိုင်းနိုင်ငံနှင့် တရုတ် နိုင်ငံတို့ ဖြစ်သည်။
အေးချမ်းမွန် Credit To > The Voice Weekly
Post a Comment