0

ရန်ကုန်၊ အောက်တိုဘာ ၂၅

KOICA က ဝန်ကြီးဌာန အသီးသီး နယ်ပယ်အသီးသီးမှ မြန်မာအစိုးရ ဝန်ထမ်း ၁၀၀ ကျော်ကို ASEAN၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စွမ်းဆောင်ရည်မြှင့် သင်တန်းများ၊ မြန်မာအကြီးတန်း အရာရှိများ နှစ်စဉ် တက်ရောက်လေ့ရှိသော ပြည်သူ့ရေးရာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲများသို့ ယခုနှစ်အတွင်း စေလွှတ် တက်ရောက်စေခဲ့ကြောင်း KOICA က Program Officer ဒေါ်အိကျော့ခိုင်က The Voice သို့ ပြောကြားသည်။

ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) သည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုခိုင်မြဲစေရန်နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံဖြိုးရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်စေရန် ၁၉၉၁ ခုနှစ်က စတင်၍ ၂၀၁၃ လက်ရှိ အချိန်အထိ အစိုးရဝန်ထမ်း ၁၆၀၀ နီးပါးကို သုံးနှစ် တက်ရောက်ရသော ဘွဲ့လွန် ပညာသင်ဆု၊ နှစ်ပတ်ခန့် တက်ရောက်ရသော Fellowship Program နှင့် KOICA Project ပေါ်မူတည်၍ တက်ရောက်ရသော သင်တန်းများကို စေလွှတ်ခဲ့ပြီး တစ်နှစ်လျှင် သင်တန်းသား တစ်ရာခန့် စေလွှတ်ခဲ့ကြောင်း၊ ၂၀၁၃ စက်တင်ဘာနှင့် အောက်တိုဘာလတွင်လည်း သင်တန်းသား ၂၀ ကျော်ကို စေလွှတ်ထားဆဲ ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

သင်တန်းသားများ စေလွှတ်ရာတွင် ကျန်းမာရေး၊ ပညာရေး၊ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ ရာသီဥတု သတင်းအချက်အလက်နှင့် ကဏ္ဍမျိုးစုံဖြင့် အစိုးရ ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ စေလွှတ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အောက်တိုဘာလ ၂၆ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြတ်မင်္ဂလာ ဟိုတယ်၌ KOICA က Chief Resident Representative Mr. Nam Kwon Hyoung နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွတ်တို့ တတ်ရောက်မည် ဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံတွင် သင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသားများ ဖွဲ့စည်းထားသည့် Myanmar KOICA Club ၏ ဥက္ကဋ္ဌက ရှေ့ဆက် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားမည်ဖြစ်ကာ ၂၀၁၃ တွင် ကိုရီးယားသမ္မတနိုင်ငံတွင် သင်တန်း တက်ရောက်ခဲ့သူများက ၎င်းတို့၏ အတွေ့အကြုံ၊ ဗဟုသုတများကို မျှဝေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ပွဲပြီးပါက KOICA ရုံးမှ တာဝန်ရှိသူများ၊ Myanmar KOICA Club အသင်းသားများနှင့် ကိုရီးယားနိုင်ငံသား လုပ်အားပေးများက နေပြည်တော် ရေဆင်းရှိ မူလတန်းကျောင်းကို သွား ရောက်၍ စာကြည့်တိုက်တွင် စာအုပ်စင် သုံးစင်နှင့် ကျပ်တစ်သိန်းကျော် တန်ဖိုးရှိ စာအုပ်များ လှူဒါန်းမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top