0


နေပြည်တော်၊ အောက်တိုဘာ ၂၅

ပြည်ထောင်စုအစိုးရက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွက် ဖြည့်စွက် တောင်းခံသော ဘဏ္ဍာငွေကို အလွဲသုံးစား ပြုလုပ်ပါက အရေးယူရန် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မန္တလေးတိုင်းဒေသကြီး အမှတ် (၆) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်က တိုက်တွန်း ပြောကြားသည်။

ယနေ့ကျင်းပေသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက် တောင်းခံခြင်းနှင့် ခွဲဝေသုံးစွဲရေးအပေါ် ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း တင်သွင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ရရှိလာသော ဘဏ္ဍာငွေများကို ဆောလျင်စွာ စာရင်း သွင်းခြင်းများ ပြုလုပ်သင့်ပြီး မလျော်ကန်သည့် သဘောဖြင့် ပြုလုပ်ပါက ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း ၎င်းကထောက်ပြသည်။

ထိုပြင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် ဆင်းရဲမှု နိမ့်ကျသော ကျေးလက်နေ ပြည်သူများအတွက် ဖြည့်စွက်ဘဏ္ဍာငွေ တောင်းခံသော ပမာဏသည် မများသော်လည်း ထိရောက်စွာ သုံးစွဲရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စုအစိုးရ အဖွဲ့များက တောင်းခံထားသည့် ဖြည့်စွက် ဘဏ္ဍာငွေများသည် ရောထွေးတင်ပြ ထားပြီး အမှန်တကယ် မဖြစ်မနေ လိုအပ်သည့် လုပ်ငန်းများ အတွက် တောင်းခံခြင်းဟု ပေါ်လွင်အောင် ဖော်ပြရန် လိုအပ်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည့် ဖြည့်စွက် ရန်ပုံငွေ ခွဲဝေသုံးစွဲမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့၏ ဖြည့်စွက် ဘဏ္ဍာငွေ တောင်းခံမှုများသည် သင့်လျော်သော်လည်း ပြယုဂ်များ ပေါ်တွင်သာ မလုပ်ဆောင်ဘဲ အမှန်တကယ် တိုးတက်ရန် လုပ်ဆောင်သင့်သည်ဟု ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အချို့က ထောက်ပြသည်။

ထို့ပြင် ကာကွယ်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့၏ ဖြည့်စွက် ဘဏ္ဍာငွေ တောင်းခံမှုများသည် များပြားလျက် ရှိပြီး စီးပွားရေးနှင့် ဆက်စပ်သော ဝန်ကြီးဌာနများ၏ ဖြည့်စွက် ဘဏ္ဍာငွေ တောင်းခံမှုပမာဏမှာ နည်းပါးနေကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။
“ဝန်ကြီးဌာနတွေက ဖြည့်စွက် ဘဏ္ဍာငွေ ကျပ် ၁၄၇၁ သန်းကို ဘာကြောင့် လိုတယ်ဆိုတာ သေချာမရှင်းဘဲ တောင်းနေကြတယ်။ အခုက တောင်းတတ်တဲ့ ဝန်ကြီးဌာနက ရနေသလို ဖြစ်နေတယ်” ဟု ပြည်သူ့ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက မှတ်ချက်ပြုသည်။

ဘဏ္ဍာငွေ အများဆုံး တောင်းခံထားသော ဝန်ကြီးဌာနများတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ဖြစ်ကြောင်း လွှတ်တော်သို့ ငွေစာရင်း တောင်းခံမှုများအရ သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ယခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ယခင်နှစ်များထက် အသုံးစရိတ် ၈ ရာခိုင်နှုန်း လျှော့ချ တောင်းခံ ထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

အေးချမ်းမွန် Credit To >The Voice Weeklyhttps://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top