ဗီယန်ကျန်း၊ အောက်တိုဘာ ၁၇
လာအို လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးသည် အောက်တိုဘာလ ၁၆ ရက်နေ့က မဲခေါင်မြစ် အတွင်းသို့ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်များနှင့် လေယာဉ် ဝန်ထမ်းများအားလုံး သေဆုံးခဲ့သည်ဟု လာအို လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ကြောင်း CNN သတင်းဌာနတွင် ဖော်ပြထားသည်။
လာအိုနိုင်ငံ၏ မြို့တော် ဗီယန်ကျင်းမှ ထွက်ခွာလာသော ATR 72 အမျိုးအစား ခရီးသည်တင် လေယာဉ်သည် လာအိုနိုင်ငံတောင်ပိုင်း၊ ထိုင်းနိုင်ငံ နယ်စပ်အနီးရှိ ပက်ခ်ဆေးမြို့ လေဆိပ်သို့ ဆင်းသက်ရန် ပြင်ဆင်သည့် အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုနဲ့ ကြုံတွေ့ရသဖြင့် ပျက်ကျခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်းက တိုက်ခတ်ခဲ့သော တိုင်ဖုန်း မုန်တိုင်းနရီ၏ အကြွင်းအကျန် လေပြင်းများ တိုက်ခတ်မှုအပြီး လေကြောင်း ရုတ်တရက် ပြောင်းလဲမှုနှင့် ကြုံတွေ့လိုက်ရသဖြင့် လေယာဉ်မှူးများက လေယာဉ် ကို မထိန်းချုပ်နိုင်တော့ဘဲ ပျက်ကျခဲ့ရခြင်း ဖြစ်သည်ဟု လာအို လေကြောင်းလိုင်းမှ ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ဖော်ပြထားသည်။ ထိုကဲ့သို့ ပျက်ကျမှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် ၄၄ ဦးနှင့် ဝန်ထမ်းငါးဦးစလုံး သေဆုံးခဲ့သည်ဟုလည်း လာအို လေကြောင်းလိုင်း၏ ဒုဥက္ကဋ္ဌ ဖြစ်သူ ချယ်လင်မ်တိုင်ယာလတ်က အတည်ပြု ပြောကြားသည်။
အဆိုပါ လေယာဉ် ပျက်ကျမှုတွင် လာအိုလူမျိုး ခရီးသည် ၁၇ ဦးနှင့် လေယာဉ် ဝန်ထမ်းငါးဦး၊ ပြင်သစ်နိုင်ငံသား ခုနစ်ဦး၊ သြစတြေးလျ နိုင်ငံသား ငါးဦး၊ ထိုင်းနိုင်ငံသား ငါးဦး၊ ကိုရီးယား နိုင်ငံသားသုံးဦးနှင့် အမေရိကန် နိုင်ငံသား၊ တရုတ်နိုင်ငံသား၊ ကနေဒါ နိုင်ငံသား၊ မလေးရှား နိုင်ငံသား၊ ထိုင်ဝမ် နိုင်ငံသားနှင့် ဗီယက်နမ် နိုင်ငံသား တစ်ဦးစီ ပါဝင်သည်ဟုလည်း တိုင်ယာလတ်က ပြောကြားသည်။ ထိုစာရင်းအရဆိုလျှင် လေယာဉ်ပေါ် လိုက်ပါလာသည့် လူအရေအတွက်မှာ ၄၈ ဦးသာရှိပြီး ၎င်းမူလ ပြောကြားထားသည့် စုစုပေါင်း အရေအတွက်နှင့် တစ်ဦးကွာဟလျက် ရှိသည်။
သို့သော် သြစတြေးလျ ကုန်သွယ်ရေးနှင့် နိုင်ငံခြားရေးဌာနကမူ လာအိုနိုင်ငံ တောင်ပိုင်းတွင် ပျက်ကျခဲ့သော လေယာဉ်ပေါ်၌ သြစတြေးလျလူမျိုး ခြောက်ဦး ပါဝင်သည်ဟု ထုတ်ပြန်ခဲ့သည်။
“အသက်ရှင်ကျန်ရစ်သူ ရှိလိမ့်မယ်လို့ မထင်ကြောင်း လာအို အာဏာပိုင်တွေက ဗီယန်ကျင်းမြို့မှာရှိတဲ့ ကျွန်တော်တို့ သံရုံးကို ပြောပါတယ်” ဟုလည်း သြစတြေးလျ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့သည်။
ယခုအခါတွင် လာအို အာဏာပိုင်များသည် မဲခေါင်မြစ်အတွင်း ရှာဖွေမှုများ ပြုလုပ်လျက်ရှိပြီး လေယာဉ် ပျက်ကျရာတွင် ပါသွားသူများထဲမှ ငါးဦး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သော်လည်း ကျန် ၄၄ ဦးနှင့် လေယာဉ် ပျက်ကျရသည့် အကြောင်းအရင်းကို အတိအကျ ဖော်ထုတ်နိုင်မည့် Black Box အပါအဝင် အခြားလေယာဉ် အစိတ်အပိုင်းများမှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
ဗီယန်ကျင်းမြို့မှ ပက်ခ်ဆေးမြို့သို့ ပျံသန်းသော လေယာဉ်ခရီးစဉ်မှာ လာအိုနိုင်ငံသို့ လာရောက် လည်ပတ်သော ကမ္ဘာလှည့် ခရီးသည်များ အများဆုံး စီးလေ့ရှိသည့် ခရီးစဉ်တစ်ခု ဖြစ်သည်။
လာအို လေကြောင်းလိုင်းသည် လေယာဉ် ၁၄ စီးသာ ပိုင်ဆိုင်သော လေကြောင်းလိုင်းငယ် တစ်ခုဖြစ်ပြီး ပြည်တွင်း ခရီးစဉ်များအပြင် တရုတ်၊ ထိုင်း၊ စင်ကာပူတို့ ကဲ့သို့သော ဒေသတွင်းရှိ အခြားနိုင်ငံများသို့ ပြည်ပ ခရီးစဉ်များလည်း ပြေးဆွဲလျက် ရှိသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment