ရန်ကုန်၊ အောက်တိုဘာ ၁၇
မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ ကုန်သည်ကြီးများဟိုတယ် ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရခဲ့သည့် အမေရိကန် နိုင်ငံသူတစ်ဦး အပါအဝင် ထိခိုက် သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ရန်ကုန်မြို့တော်ရှိ အမေရိကန်သံရုံးက ထုတ်ပြန် ပြောဆိုသည်။
တောင်ငူ၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့ကြီးများတွင် အောက်တိုဘာလ ၁၀ ရက်နေ့မှ စတင်ဖြစ်ပွားသည့် ဗုံးပေါက်ကွဲမှုများနှင့် ဗုံးလန့်မှု ဖြစ်စဉ်များကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ တောင်ငူမြို့ ပေါက်ကွဲမှုတွင် အသက်သေဆုံးခဲ့သူ နှစ်ဦး၏ မိသားစုဝင်များအတွက် အမေရိကန်အစိုးရက လေးလေးနက်နက် စာနာပါကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောကြားသည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ် နမ်းခမ်းမြို့နယ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စည်ပင်ဝန်ထမ်းတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရှိခဲ့သည်။
မြန်မာနိုင်ငံသားများ အနေနှင့်လည်း ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် အဆိုပါ အကြမ်းဖက်မှုများကို လူ့အဖွဲ့အစည်းအတွင်းမှ တွန်းလှန် ဖယ်ရှားရမည် ဖြစ်ကြောင်း အမေရိကန် အစိုးရက ထပ်မံပြောဆိုထားသည်။
ပေါက်ကွဲမှုများအတွက် ဖမ်းဆီးရမိသည့် တရားခံဟု ယူဆရသူကို တရားဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ရန်လည်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
ဗြိတိန်သံအမတ်ကြီး မစ္စတာအင်ဒရူးပက်ထရစ်ကမူ မြန်မာနိုင်ငံရှိ မြို့ကြီးအချို့တွင် ဗုံးပေါက်ကွဲမှုများနှင့် ဗုံးလန့်မှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သော်လည်း ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ဆိုးရွားစွာ ထိခိုက်စေမည် မဟုတ်ကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment