ဟင်္သာတ၊ အောက်တိုဘာ ၂၃
ဈေးကွက်ပျက်လုနီး ဖြစ်ခဲ့ပြီး အရောင်းအဝယ် ရပ်ဆိုင်းခဲ့ရသော ဧရာဝတီတိုင်းဒေသကြီး၏ ရေချိုဒေသများမှ ထွက်ရှိသည့် ငါးပိဈေးကွက်သည် အောက်တိုဘာလ တတိယပတ်တွင် ပုံမှန်အတိုင်း ဖြစ်လာကြောင်း ဘုရင့်နောင်ပွဲရုံ အခြေစိုက် ငါးပိလက်ကား ကုန်သည်များက ပြောကြားသည်။
အဆိုပါ ငါးပိများအတွင်း အမြန်အရိုးဆွေးစေရန် ယူရီးယား ဓာတ်မြေသြဇာများ ထည့်သွင်း အသုံးပြုသည့် သတင်းကြောင့် စားသုံးသူများ စိုးရိမ်ထိတ်လန့်ကာ စားသုံးမှု ယာယီ ရပ်ဆိုင်းလိုက်ခြင်းသာ ဖြစ်ပြီး သက်ဆိုင်ရာများ၏ စစ်ဆေးချက်အရ ယူရီးယား ဓာတ်မြေသြဇာ ထည့်သွင်းသည် ဟုယူဆရသည့် ဒေသအချို့ကို ထုတ်ပြန်ပေးလိုက်ပြီးနောက် ဈေးကွက်ပုံမှန် ပြန်ဖြစ်လာကြောင်း မြောက်ဥက္ကလာ ဃဈေးအခြေစိုက် ငါးပိကုန်သည်များက ဆိုသည်။
ယခုနှစ် ဇူလိုင်လက ရေချိုငါးပိ တစ်ပိဿာလျှင် ကျပ် ၁၅၀၀ မှ ၂၀၀၀ အထိ ဈေးနှုန်း ရှိခဲ့သော်လည်း ငါးပိပြဿနာ ဖြစ်ပွားပြီးနောက် တစ်ပိဿာလျှင် ကျပ် ၇၀၀ မှ ကျပ် ၈၀၀ ဈေးအထိ ကျဆင်းခဲ့ပြီး စားသုံးသူ မရှိသလောက် ဖြစ်ခဲ့ရာမှ ယခုအါ ယခင်ဈေးနှုန်းအတိုင်း ပုံမှန် ပြန်ဖြစ်လာပြီ ဖြစ်ကြောင်း ဟင်္သာတမြို့ ငါးပိဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။
ရေချိုဒေသထွက် ရေချိုငါးပိများကို ဓာတ်မြေသြဇာ ထည့်သွင်း အသုံးပြုရန်မှာ အစဉ်အလာ မရှိခဲ့ကြောင်း၊ ရေချိုငါးပိ လောကတွင် ဈေးနှုန်း ထက်ဝက်ခန့် သက်သာသည့် ရေငန်ငါးပိများကို စက်ဖြင့် ကြိတ်၍ ရေချိုနှစ်ဆ ရေငန်တစ်ဆ ရောစပ်ကာ ဈေးကွက်အတွင်း ဈေးနှုန်းတစ်မျိုးဖြင့် ရောင်းချလေ့ ရှိသည်ကိုသာ မြင်တွေ့ဖူးကြောင်း ဝါရင့် ငါးပိလုပ်ငန်းရှင် ဦးလှအောင်က ပြောကြားသည်။
လယ်ယာလုပ်ငန်းရှင် တောင်သူများအနေဖြင့် ဓာတ်မြေသြဇာ ထည့်သွင်းသည် ဆိုသော နယ်မြေဒေသ တိကျခိုင်လုံခြင်း မရှိသေးမီ ကာလတွင် စိုးရိမ်ကြောင့်ကြမှုများ ရှိသော်လည်း ငါးပိကိုသာ အားကိုး စားသုံးလေ့ရှိသော ကျေးလက်နေပြည်သူနှင့် လယ်ယာ လုပ်ငန်းရှင်များက ကောက်ရိတ်ရာသီ စားသုံးရန် ဝယ်ယူနေကျပြီ ဖြစ်ကြောင်း ဦးလှအောင်က ရှင်းပြသည်။
ရေငန်ဒေသထွက် ရေငန်ငါးပိ ရောင်းအားများမှာမူ ဆက်လက်ကျဆင်းဆဲ ဖြစ်ပြီး အရောင်းအဝယ် မရှိကြောင်း ရေငန်ငါးပိ လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment