0


Written by - သန်းထိုက်(သာကေတ)

သတင်းစာများတွင် ရန်ကုန်မြို့တော် စည်ပင်မှ စားသုံးသူများ၏ အစာအာဟာရဆိုင်ရာ ဘေးကင်းလုံခြုံရေးအတွက် လိုက်လံ ဆောင်ရွက်နေကြောင်း ဖတ်ရသည်။ ရန်ကုန်မြို့သာမက တစ်နိုင်ငံလုံးရှိ စားသုံးသူ ဘေးကင်းလုံခြုံရေး လိုအပ်ပါသည်။

လူသားတို့၏ အသက်သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ ညီညွတ်မျှတမှုပေါ်တွင် တည်မှီသည်။ ထိုဆေးဝါးထဲမှ တစ်ခုခု ချို့ယွင်းအားနည်းပါက ကျန်းမာရေးကို ထိခိုက်လာမည်။ ပျက်စီးပါက အသက်အန္တရာယ်ကို ထိခိုက်သည်အထိ ရှိနိုင်သည်။ ကျွန်တော်တို့ လူသားများသည် သဘာဝပတ်ဝန်းကျင် ရာသီဥတု အစာအာဟာရနှင့် ရေတို့ကို စပ်ဆက်မှီခို၍ ရှင်သန်ကျန်းမာအောင် နေထိုင်ကြရသည်။ ဘ၀ ရပ်တည်ရေးအတွက် အချိန်နှင့်အမျှ ရုန်းကန် လှုပ်ရှားနေရမှုကြောင့် လူသားတို့၏ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ကိုယ်ခံစွမ်းအား ကျဆင်းခြင်းတို့ ခံစားရသည်။ ကျန်းမာကြံ့ခိုင် သန်စွမ်းရေးနှင့် ကိုယ်ခံစွမ်းအားကောင်းရန် မိမိစားသောက်သော အစာအာဟာရသည် အရေးကြီးပါသည်။ ကံမှတစ်ပါး ကျန်သုံးပါး ညီညွတ်မျှတအောင် သတိ၊ ဥာဏ်ပညာတို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရပါသည်။ လုံခြုံစိတ်ချရ၍ အာဟာရပြည့်ဝသော အစားအစာများကို စားသုံးနိုင်ရန် အရေးကြီးပါသည်။
ထိုအစားအစာများ ရရှိအားကိုးနိုင်သော နေရာသည် ဈေးများဖြစ်သည်။ ငွေရေးကြေးရေးအတွက် အရေးပါသော နေရာသည် ဘဏ်များဖြစ်သလို နိုင်ငံသားများ အသက်ရှင် ကျန်းမာရေးအတွက် ဈေးများသည် အာဟာရဘဏ်များဟု ဆိုနိုင်ပါသည်။

အာဟာရဆိုသည်မှာ သက်ရှိလူသားတို့ အသက်ရှင် ကျန်းမာသန်စွမ်းရေးအတွက် လိုအပ်သော ဇီဝကမ္မဆိုင်ရာ ဓာတ်ပစ္စည်းများ ဖြစ်သည်။ ထိုအာဟာရအား ခန္ဓာကိုယ်မှ လိုသည်ကို သုံးစွဲ၍ မလိုသည်ကို စွန့်ပစ်ခြင်း လုပ်ဆောင်သည်။ နိုင်ငံသားများ အာဟာရချို့တဲ့ခြင်း၊ အစာကြောင့် ဆေးမဖြစ်ဘဲ ဘေးဖြစ်စေခြင်း၊ ရောဂါဖြစ်စေခြင်းတို့သည် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့အတွက် ဆိုးကျိုးများ ရရှိစေပါသည်။ နိုင်ငံသားများ ထိခိုက်သလို နိုင်ငံအတွက် လုပ်အားစွမ်းအင် ချည့်နဲ့စေခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု ၀န်ထုပ်ဝန်ပိုးကို ဖြစ်စေပါသည်။

ထို့ကြောင့် အာဟာရဘဏ်ခေါ် ဈေးများ၏ အခန်းကဏ္ဍကို နားလည်သိရှိ၍ လုံခြုံစိတ်ချရပြီး အာဟာရပြည့်ဝသော အစာဖြန့်ဖြူးပေးရာ နေရာတစ်ခုဖြစ်အောင် သက်ဆိုင်သူများ အားလုံး ကြိုးစားလုပ်ဆောင်ဖို့ လိုအပ်ပါသည်။ သို့မှသာ နိုင်ငံ တည်ဆောက်ရေးအတွက် အရေးပါသော လူ့စွမ်းအား အရင်းအမြစ်ကို ရရှိနိုင်လိမ့်မည်။

အစားအစာကို ယေဘုယျအားဖြင့် သုံးမျိုးခွဲနိုင်ပါသည်။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ကဲ့သို့သော ကုန်မျိုးစုံအပိုင်း ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများက တစ်ပိုင်း၊ အသားငါးနှင့် ဥတို့က တစ်ပိုင်းဖြစ်သည်။ အစားအစာတစ်ခု လုံခြုံစိတ်ချရမှု (Safety of Foods) သည် စတင် ထုတ်လုပ်သည့် အဆင့်၊ သိုလှောင် သယ်ဆောင်သည့်အဆင့်၊ ထုပ်ပိုး ရောင်းချသည့် အဆင့်တို့ပေါ် မူတည်သည်။ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း စသည့် တစ်ပိုင်းပိုင်းတွင် သော်လည်းကောင်း၊ အားလုံးတွင် သော်လည်းကောင်း၊ မသန့်ရှင်းခြင်း၊ ပိုးမွှားအန္တရာယ် ထိတွေ့ခြင်း၊ မသမာမှုတို့ဖြင့် ပြုပြင် ရောင်းချခြင်းတို့ရှိပါက ထိုအစာသည် လုံခြုံစိတ်ချရမှု ပြည့်စုံမည် မဟုတ်ပါ။ အစားအစာ အားလုံးသည် ရောဂါပိုးမွှားနှင့် အဆိပ်အတောက်မှ လွတ်ကင်းမှု (Freefrom Pathogens) ဖြစ်ဖို့ အရေးကြီးပါသည်။အစာတစ်ခုကို အတုအပ ပြုလုပ်ခြင်း၊ ရောနှော ပြုပြင်ခြင်း၊ ဓာတုပစ္စည်းနှင့် အန္တရာယ်ရှိသော ပစ္စည်းများ အသုံးပြု၍ အသွင်ပြောင်းခြင်း၊ လှည့်ဖြား ရောင်းချခြင်းများ မလုပ်သင့်ပါ။ အစားအစာ ထုတ်လုပ်ရာနေရာဖြစ်သော အသီးအနှံ စိုက်ခင်းများသည် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် အခြားဓာတုဗေဒ ပစ္စည်းများကြောင့် အစာကို အန္တရာယ် ဖြစ်စေနိုင်သည်။ အာဟာရတန်ဖိုး လျော့ကျစေနိုင်သည်။ အထွက်တိုးရန်၊ ကြီးထွားရန်၊ ရောင်းပန်းလှရန် ဆိုသည့် မိမိကိုယ်ကျိုးစီးပွားကို ဖြစ်စေသော်လည်း စားသုံးသူ ကျန်းမာရေးအတွက် လိုအပ်သော အာဟာရနှင့် လုံခြုံစိတ်ချရမှုကို ထိခိုက်စေနိုင်ပါသည်။ အခန့်မသင့်လျှင် အစာအဆိပ်သင့်ခြင်း (Food poisoning) ပင် ဖြစ်တတ်သည်။

အစားအစာ ထုတ်လုပ်ရာ လမ်းကြောင်းအဆင့်ဆင့် (Processing Line) သည် လုံခြုံစိတ်ချရသော ထုတ်လုပ်ပြင်ဆင်မှုများ ဖြစ်သင့်သည်။ ကောင်းမွန်သော စက်ကိရိယာ၊ နေရာထိုင်ခင်းနှင့် ပိုးမွှားကင်းစင်သည့် လုပ်ငန်းစဉ်များ (Good Manufacturing and good higiene practices) ဖြစ်ဖို့ လိုပါသည်။ အသားငါးများသည် ရောဂါပိုး ကူးစက်ခံရမှု အခြေအနေပိုများပြီး ထုတ်လုပ်သူ၊ ကိုင်တွယ်စားသုံးသူတို့ကို ရောဂါကူးစက်ခြင်း၊ အစာအဆိပ်သင့်ခြင်း ဖြစ်စေရန် အခွင့်အလမ်း ပိုများနိုင်ပါသည်။ ထို့ကြောင့် အသားတစ်ခု ထုတ်လုပ်ရာတွင် ပိုးမွှားအန္တရာယ်ကင်းမှု အနေအထား (Higiene Standard in Meat Plants) ကောင်းရန် လိုပါသည်။ လုံခြုံ စိတ်ချရသော အသားတစ်ခု ဖြစ်စေရန် အသားစစ်ဆေးခြင်း (Meat inspection) ပြုလုပ်ရပါမည်။

နောက်ဆုံး အဆင့်အနေဖြင့် အစားအစာများသည် ဈေးများသို့ ရောက်ရှိလာမည်။ ဈေးရောင်းသူများသည် မိမိအသက်မွေးဝမ်းကျောင်းအလို့ငှာ ဖြစ်သော်လည်း မိမိအလုပ်သည် ကုသိုလ်လည်းရ ၀မ်းလည်းဝစေသည့် အလုပ်ဖြစ်ကြောင်း သဘောပေါက် ခံယူတတ်ဖို့ လိုပါသည်။ငွေကြေးနှင့် ဖလှယ်ခြင်း ဖြစ်သော်လည်း မိမိရောင်းချသော အစားအစာတစ်ခုသည် စားသုံးသူအကျိုးကို ရည်ရွယ်၍ စေတနာကောင်းဖြင့် ရောင်းချပါက ကုသိုလ်လည်း ရသည်။ ၀မ်းလည်းဝသည်။ ဈေးရောင်းခြင်း အလုပ်သည် အရေးမပါ သေးငယ်သည်ဟု မှတ်ယူမထားဘဲ တိုင်းပြည်နှင့် လူမျိုးအတွက် အရေးပါသော အလုပ်တစ်ခု လုပ်နေခြင်းဖြစ်ကြောင်း နားလည်ခံယူစေ ချင်ပါသည်။

ဈေးရောင်းခြင်းဖြင့် နိုင်ငံတည်ဆောက်ရေးတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်နေသူများဖြစ်သည်။ မလှူတတ်လျှင် ဈေးရောင်းဆိုသကဲ့သို့ လူများ အာဟာရဖြစ်ရေး၊ အသက်ရှင် ကျန်းမာရေးအတွက် စိတ်စေတနာ ကောင်းထားပါက မိမိအတွက် အာဟာရ ဒါနကုသိုလ်လည်း ရရှိပါမည်။ ရောင်းသူ၊ ၀ယ်သူ အစားအစာနှင့် ငွေကြေးသည် အချိန်တန်လျှင် ပျက်စီးမည်။ သင်္ခါရ သဘောအရ မမြဲပေ။ မြဲသည့်အရာမှာ မကောင်းမှု ကောင်းမှု၊ အကုသိုလ် ကုသိုလ်သာ ကျန်ခဲ့မည်။ မကောင်းမှန်း သိသိနှင့် ၀ိသမလောဘကြောင့် တမင်ရည်ရွယ်၍ ဖန်တီးရောင်းချပြီး စားသုံးသူ ဆိုးကျိုးတစ်ခုခု ခံစားရလျှင် မိမိမှာ တာဝန်ရှိ၍ အကုသိုလ် အကျိုးခံစားရမည်ကို သတိထား ဆင်ခြင်သင့်သည်။

အသားများမှာ အရေပြားဆိုင်ရာ ရောဂါ၊ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ ရရှိစေနိုင်သည်။ အဆီများသော အသားများ၊ ရောနှောဆီများ၊ မှိုများ၊ ဆိုးဆေးများ ပါသော အစာသည် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါနှင့် အသည်းရောဂါများ ဖြစ်စေနိုင်သည်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ သန်ကောင်နှင့် ကပ်ပါးရောဂါများ ရတတ်သည်။ ကြက်ငှက်တုပ်ကွေး ရောဂါနှင့် ၀က်တုပ်ကွေး၊ ၀က်နားရွက်ပြာ ရောဂါ စသည်တို့ကို သတိထားရမည်။ မွေးမြူထုတ်လုပ်သူ၊ စစ်ဆေးကြီးကြပ်သူ၊ ခွင့်ပြုသူ၊ ရောင်းချသူတို့ပေါ် မူတည်၍ လုံခြုံစိတ်ချရသော အာဟာရပြည့်ဝသည့် အစားအစာဖြစ်လာမည်။

(Food Posioning) ခေါ် အစာအဆိပ်သင့်ခြင်း မကြာခဏ ဖြစ်နေသည်ကို တွေ့ရသည်။ လူတစ်ဦးမှ အများဖြစ်နေကြသည်။ ထိုဖြစ်စဉ်များသည် မတော်လောဘကြောင့် အသားငါးများကို မသန့်ရှင်းသည့် ရေထိုးခြင်း၊ ဓာတုဗေဒ ဆိုးဆေးသုံးစွဲခြင်း၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာကို စနစ်တကျ သုံးစွဲမှုမရှိခြင်း၊ မလိုက်နာခြင်း၊ ဓာတုပစ္စည်းဖြင့် ကြာကြာခံရန်၊ မြန်မြန်ကြီးထွား ရင့်မှည့်ရန်၊ ရောင်းပန်းလှရန် ပြုပြင်စီမံရောင်းချခြင်း၊ ထုတ်လုပ်ခြင်းမှ ရရှိစေတတ်ပါသည်။ မိမိသုံးစွဲသော ပိုးသတ်ဆေးသည် စားသုံးသူကို အန္တရာယ်ဖြစ်စေနိုင်၍ သတိပြု သုံးစွဲသင့်ပါသည်။

လောလောဆယ် ငါးပိကိစ္စကို ကြည့်ပါက ဓာတ်မြေသြဇာ ပါမပါ စားသုံးသူကို အန္တရာယ် ဖြစ်နိုင်မဖြစ်နိုင် အငြင်းပွားနေကြသည်။ စားသုံးသူများ စိုးရိမ်မှုကြောင့် ငါးပိဈေးကွက် ထိခိုက်သည်ဟု ဆိုသည်။ လက်ငင်းအကျိုး ခံစားရသည်မှာ ငါးပိထုတ်လုပ် ရောင်းချသူများ ဖြစ်သည်။ စားသုံးသူ ထိခိုက်မှုကို အတိအကျ မသိသေးပါ။ မည်သို့ပင်ဆိုစေ ကိုယ့်နိုင်ငံသားများသာ ထိခိုက် နစ်နာကြပါသည်။ နိုင်ငံသားများ ထိခိုက်တော့ နိုင်ငံအတွက်လည်း ဆက်နွှယ် သက်ရောက်ရပါသည်။

ဈေးများတွင် ရေမြောင်းများ ရေစီးရေလာ မကောင်းခြင်း၊ ရေလျှံခြင်းကြောင့် ဈေးဝယ်သူများ ရွှံ့ဗွက်များ ရေဆိုးများကြားတွင် သွားနေကြရသည်။ ရွှံ့များ၊ ရေဆိုးများ၊ အမှိုက်များ အလယ်မှာ ချခင်းရောင်းချသော အစားအစာများသည် သန့်ရှင်းစင်ကြယ်ဖို့ ခက်လှသည်။ တစ်ခါတစ်ရံ ဈေးမှပြန်လာပါက ခြေထောက်များ ယားယံလာတတ်သည်။ ဈေးသည်၊ ၀ယ်သူ၊ စားစရာများ နေ့စဉ် မသန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ထိတွေ့ ဆက်ဆံနေရသည်။ အခြားရောဂါ မဖြစ်သော်လည်း အရေပြားနှင့် ၀မ်းပျက်ဝမ်းလျှောရောဂါများ ရင်ဆိုင်ရနိုင်သည်။ ဈေးရောင်းသူများလည်း သန့်ရှင်းကျန်းမာဖို့ လိုအပ်ပါသည်။ အချို့ဈေးများသည် နောက်ဖေးလမ်းများ၊ ရေဆိုးမြောင်းများနှင့် နီးကပ်စွာ ရှိနေတတ်သည်။ ခွေး၊ ကြောင်၊ ငှက်၊ ယင်ကောင် များသည် ဈေးပိတ်ချိန်တွင် ကျင်လည် ကျက်စားတတ်သည်။ဈေးသိမ်းချိန်တွင် ဆေးကြောသန့်စင်ပြီး လုံခြုံစွာ ဖုံးအုပ်သူရှိသလို မရှိသူလည်း တွေ့ရသည်။ ဈေးဖွင့်ချိန်တွင် သေချာစွာ ဆေးကြော သန့်စင်ပြီးမှ ရောင်းသူရှိသလို မလုပ်သူလည်း ရှိသည်။ ထိုအခါ တိရစ္ဆာန်တို့၏ အညစ်အကြေးများနှင့် သားငါးဟင်း သီးဟင်းရွက်များနှင့် ထိတွေ့၍ သန့်ရှင်းစင်ကြယ်ခြင်းကို ထိခိုက်စေပါသည်။ တိရစ္ဆာန်တို့၏ အညစ်အကြေးများနှင့် ယင်ကောင်တို့မှ ၀မ်းပျက်ဝမ်းလျှော ရောဂါများ ရရှိစေနိုင်သည့်အတွက် ဈေးများ၏ သန့်ရှင်းမှုကို ဂရုပြု လုပ်ဆောင်သင့်ပါသည်။

ယနေ့စားရသော အသီးအနှံများ၏ အနံ့အရသာသည် ငယ်ငယ်က စားရသော အနံ့အရသာနှင့် ကွာခြားသည် ထင်သည်။ ထို့အတူ အခြား အစားအစာများတွင်လည်း သဘာဝအတိုင်း မဟုတ်သော ပြုပြင်စီမံထားကြောင်း ရေးသားကြသည်ကို မကြာခဏ ဖတ်ရသည်။ ပြည်တွင်းသာမဟုတ် ပြည်ပမှ ၀င်ရောက်သော အစားအစာများ၏ လုံခြုံစိတ်ချရမှုနှင့် ပတ်သက်၍လည်း ဝေဖန် ထောက်ပြသည်များ တွေ့ရသည်။ ထိရောက် ကျယ်ပြန့်စွာ လုပ်ဆောင်သင့်ပါသည်။

အစားအစာများသည် အာဟာရ ဖြစ်နိုင်သလို ရောဂါလည်း ဖြစ်စေနိုင်သည်။ အဆီစား၍ အသားမဖြစ် ဆိုသလို စားသော်လည်း အာဟာရမဖြစ်၊ အားမဖြစ် တစ်ခါတစ်ရံ ဘေးပင်ဖြစ်တတ်သည်။ တာဝန်ရှိသူများ၊ ထုတ်လုပ်သူများ၊ ရောင်းချသူများသည် ကျန်းမာကြံ့ခိုင်သော နိုင်ငံသားများ ဖြစ်ရေးအတွက် ဆောင်ရွက်နေသူများ ဖြစ်သည်။ စားသုံးသူများက မိမိတို့၏ အသက်ကို ယုံကြည်စွာ အပ်နှံထားသူများ ဖြစ်သင့်ပါသည်။ ဈေးများနှင့် အစားအစာများ လုံခြုံစိတ်ချရမှ နိုင်ငံသားများ ကျန်းမာသန်စွမ်း ရောဂါကင်းမည်။ နိုင်ငံသားများ ကျန်းမာသန်စွမ်းမှ နိုင်ငံသည်လည်း ကြံ့ခိုင်တောင့်တင်းမည်။ အင်အားရှိမည်။ တိုးတက်မည်။ အစားအစာများကြောင့် အာဟာရ ချို့တဲ့ခြင်း၊ မကျန်းမာခြင်း၊ ဆေးဝါးကုသရခြင်းတို့ ဖြစ်ခဲ့လျှင် နိုင်ငံသားများနှင့် နိုင်ငံတော်အတွက် ထိခိုက်နစ်နာရသည်။ သို့ဖြစ်ပါ၍ အစားအစာများ အားလုံး လုံခြုံစိတ်ချ အာဟာရပြည့်ဝစေရန် ၀ိုင်းဝန်း ပါဝင်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top