Wednesday, October 23, 2013
ကမ္ဘောဒီးယားနိုင်ငံတွင် အတိုက်အခံပါတီ CNRP အား ထောက်ခံသူ
ထောင်နှင့်ချီ၍ ယနေ့ စုရုံးဆန္ဒပြကြသည်။ ဆန္ဒပြသူများက အကြီးအကျယ် အငြင်းပွားစရာဖြစ်ခဲ့သော ရွေးကောက်ပွဲရလဒ်ကို မကျေနပ်ကြောင်း ကန့်ကွက်ခဲ့ကြသည်။ ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သော ကမ္ဘောဒီး
ယားရွေးကောက်ပွဲမှာ မဲမသမာမှုများ ရှိခဲ့ကြောင်း သတင်းများနှင့်အတူ အငြင်ပွားစရာဖြစ်ခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ကမ္ဘောဒီးယားကို ဆယ်စုနှစ် ၃ ခုနီးပါးကြာ အုပ်ချုပ်လာသော ဝန်ကြီးချုပ်ဟွန်ဆန်နှင့် ၎င်း၏ပါတီက အနိုင်ရရှိကာ အာဏာကို ဆက်လက် ချုပ်ကိုင်နိုင်ခဲ့သည်။
ကမ္ဘောဒီးယား အတိုက်အခံပါတီ Cambodia National Rescue Party (CNRP) ၏ အမတ်များက လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခြင်း
မပြုဘဲ သပိတ်မှောက်ခဲ့သည်။ အတိုက်အခံ လွှတ်တော်အမတ်များက
ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းစစ်ဆေးရန် တောင်းဆိုခဲ့ကြသည်။ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်သော ယနေ့ စတင်သော ဆန္ဒပြမှုများမှာ ၃ ရက် ကြာမြင့်
မည်ဖြစ်ကြာင်းလည်း CNRP က ပြောကြားသည်။ ပြည်သူအများအပြား ပါဝင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုမှာ အငြင်းပွားဖွယ် ရွေးကောက်ပွဲတွင် .မဲပေးခဲ့ကြသူများအတွက် တရားမျှတမှုရရှိရေး တောင်းဆိုသွားရန်ဖြစ်
ကြောင်း အတိုက်အခံပါတီက ဆိုသည်။
ဖနွမ်းပင်မြို့လယ်တွင် ယနေ့ စတင်ပြုလုပ်သော ဆန္ဒပြပွဲသို့ လူပေါင်း ၅,၀၀၀ ခန့် ပါဝင်ခဲ့ကြောင်း AFP ဓာတ်ပုံသတင်းထောက်၏ အဆိုအရ သိရှိရသည်။ ဆန္ဒပြသူများက ငါတို့ ဆန္ဒမဲလက်မှတ်တွေ ဘယ်ရောက်သွားလဲ၊ မှန်ကန်တဲ့
ကော်မတီ အလိုရှိ၊ ဒီမိုကရေစီစနစ် ရှင်သန်ပါစေ စသည့် ကြွေးကြော်သံများ
ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲတွင် ပါဝင်သည့် အသက် ၇၂ နှစ်အရွယ် အဘိုးအိုတစ်ဦးက "ကျုပ်ရဲ့ ဆန္ဒမဲလက်မှတ် ပြန်ရဖို့ ဆန္ဒပြတာပါ၊ သူတို့က ကျုပ်ရဲ့မဲလက်မှတ်ကို ခိုးသွားတယ်၊ ကျုပ်တို့ တရားမျှတမှုကို လိုချင်ပါတယ်၊ သူတို့ ကျုပ်ရဲ့ ဆန္ဒမဲလက်မှတ်ကို ပြန်မပေး
ရင် အခုလက်ရှိ အစိုးရ ပြုတ်ကျသွားတဲ့အထိ ဆန္ဒပြတိုက်ပွဲဝင်သွားမယ်"ဟု AFP သို့ ပြောကြားသည်။
ဖနွမ်းပင်မြို့ရှိ လမ်းမများနှင့် အထင်ကရ အဆောက်အအုံများတွင် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့များက နေရာယူထားသည်။ ယနေ့ စတင်သည့် ဆန္ဒပြမှုသည် ပြီးခဲသည့်လအတွင်းက အတိုက်အခံတို့၏ အင်အားအကြီးမားဆုံး ၃ ရက်ကြာ ဆန္ဒပြပွဲကြီးနောက်ပိုင်း လူအများအပြား ပါဝင်လာသည့် ဆန္ဒပြပွဲလည်း ဖြစ်သည်။ ပြီးခဲ့သည့်လအတွင်း အတိုက်အခံ
တို့၏ ဆန္ဒပြမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားမှုကြောင့် ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
ထို့နောက်ပိုင်းတွင် ဝန်ကြီးချုပ် ဟွန်ဆန်နှင့် အတိုက်အခံ CNRP ပါတီခေါင်းဆောင် ဆမ်ရိမ်ဆီတို့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း
နိုင်ငံရေးပြေလည်မှု မရရှိခဲ့ချေ။
ကမ္ဘောဒီးယာအတိုက်အခံ ဆန္ဒပြသူများသည် ပြင်သစ်၊ အမေရိကန်၊ ဗြိတိန်နှင့် တရုတ်သံရုံးများ အပါအဝင် နိုင်ငံခြားသံရုံ အများအပြားဆီသို့ ချီတက်ဆန္ဒပြကာ နိုင်ငံတကာအစိုးရများထံ ၎င်းတို့၏ ဆန္ဒကို သိရှိစေရန် စီစဉ်ထားကြောင်းဆိုသည်။ လက်ရှိဝန်ကြီးချုပ် အသက် ၆၁ နှစ်အရွယ် ခမာတပ်သားဟောင်း ဟွန်ဆန်သည် ကမ္ဘောဒီးယားကို စစ်ဒဏ်ကြောင့်
ပြာပုံဘဝမှ ပြန်လည်နိုးထလာအောင် ဦးဆောင်ခဲ့ပြီး နိုင်ငံကို ၂၈ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးဖြစ်သည်။ ဟွန်ဆန်သည် ၎င်း၏ အသက် ၇၄ နှစ်အရွယ်အထိ ကမ္ဘောဒီးယားကို အုပ်ချုပ်သွားမည်ဟုလည်း ပြောကြားထားသည်။
အေးချမ်းမွန် Credit To >Planet Myanmar Network
Post a Comment