0

မင်းမင်း | စနေနေ့၊ အောက်တိုဘာလ ၁၉ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၁၉ မိနစ်

အကြမ်းဖက်မှုများကို ထိရောက်စွာ တားဆီးနိုင်ရန်ရည်ရွယ်ကာ ဥပဒေတစ်ရပ်ရေးဆွဲပြီး ဥပဒေပြုရေးတွင် အခရာကျသည့် လွှတ်တော်သို့ တင်ပြသွားမည်ဟု ရဲချုပ် ဇော်ဝင်းက အောက်တိုဘာလ ၁၈ရက်က ပြောဆိုလိုက်သည်။

ယခုလအတွင်းဖြစ်ပေါ်ခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်ရပ်များနှင့် ပတ်သက်၍ အောက်တိုဘာ ၁၈ ရက်က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးအတွင်းပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့ တိုင်းပြည်မှာ ဒီလိုအကြမ်းဖက်ကိစ္စတွေကို ထိထိရောက်တားဆီးနိုင်ဖို့အတွက် ဥပဒေတစ်ရပ်ရေးဆွဲပြီး မကြာခင် လွှတ်တော်တင်မယ်။ ဒါကတော့ နိုင်ငံတစ်ကာက စိုးရိမ်ပူပန်မှုတွေကို ဥပဒေကြောင်းအရ ကာကွယ်တားဆီးဖို့ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

သို့သော် ယင်းဥပဒေကို မည်သည့် ဥပဒေပညာရှင်များနှင့် ရေးဆွဲမည်ဖြစ်ပြီး မည်သည့်အချိန်တွင် တင်ပြသွားမည်ကို ရဲချုပ်က အတိအကျပြောဆိုသွားခြင်းမရှိပေ။

ယခုလ ၁၁ ရက်မှ စတင်ပြီး ဗုံးပေါက်ကွဲမှုများ၊ ဗုံးလန့်မှုများသည် ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၁၄ ရက် ည ၁၁ နာရီကျော်ကဖြစ်ခဲ့သည့် ရန်ကုန်မြို့ Trader Hotel ဗုံးပေါက်ကွဲမှုတွင် အမေရိကန်နိုင်ငံသူတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

ထိုကဲ့သို့ ဗုံးပေါက်ကွဲမှုများကြောင့် ဒဏ်ရာရရှိခဲ့သည့် အမေရိကန်နိုင်ငံသူတစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ကြေငြာချက်ထုတ်ပြန်ထားသည်။

အဆိုပါဗုံးပေါက်ကွဲမှုများတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိသူ ၈ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိနေပြီး ကျူးလွန်သူများကိုဖေါ်ထုတ်ရန် နိုင်ငံတစ်ကာအဖွဲ့အစည်းများမှ နည်းပညာ အထောက်အကူများကိုလည်း ရယူသွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ် ဇော်ဝင်းက ပြောသည်။

ယင်းအပြင် လာမည့် နိုင်ဝင်ဘာလအတွင်း ၆ ဘီလီယံ တန်ဖိုးရှိသည့် လုံခြုံရေးပစ္စည်းကိရိယာများကိုလည်း ဝယ်ယူတပ်ဆင်ရန် အစိုးရက စီစဉ်နေသည်။

"နောက်လထဲမှာ ၆ ဘီလီယံ ကျပ်တန်ဖိုးရှိ နည်းပညာအထောက်အကူပစ္စည်းတွေ ဝယ်ယူတပ်ဆင်ပြီးတော့ ပြည်သူလူထုရဲ့လုံခြုံရေး၊ နိုင်ငံတော်ရဲ့ လုံခြုံရေးတွေ စီစဉ်ထားပြီးဖြစ်ကြောင်း ရှင်းလင်းလိုပါတယ်"ဟု ရဲချုပ် ဇော်ဝင်းက ပြောဆိုလိုက်သေးသည်။

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲကိုလည်း ယခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိနေသည်။

ယခုလ ၁၁ ရက်မှ စပြီး တောင်ငူ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် နမ့်ခမ်းတွင် ဗုံးပေါက်မှုနှင့် ဗုံးတွေ့ရှိမှုများ ဆယ်ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး ဗုံးပေါက်မှုကြောင့် အနည်းဆုံး လူ ၃ဦး သေဆုံးခဲ့သည်။ ယင်းအပြင် ဗုံးလန့်မှုများသည်လည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသေးသည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmesehttps://www.facebook.com/excellencemedia

Post a Comment

 
Top