ရန်ကုန် အောက်တိုဘာ ၁၈
ယခုလတွင် ကုန်သည်ကြီးများဟိုတယ်အပါအ၀င် ဟိုတယ်အချို့တွင် ဗုံးပေါက်မှု ဖြစ်ပွားပြီးနောက် ခရီးသွားအများဆုံး ၀င်ရောက်ရာဒေသများမှ ဟိုတယ်ဝန်ထမ်းများကို လုံခြုံရေး သင်တန်းပေးမည်ဟု သိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီး ဌာနတို့ ပူးပေါင်းကာ စီစဉ်ခြင်းဖြစ်ပြီး ရန်ကုန် - နေပြည်တော် ၊ မန္တလေး ၊ပုဂံ ၊ တောင်ကြီး ၊ အင်းလေးစသည့် ဒေသများမှ ဟိုတယ်ဝန်ထမ်းများကို တပြိုင်တည်း သင်တန်းပေးမည်ဟု သိရသည်။
သင်တန်းကာလ မှာ ယခုလ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ဖြစ်ပြီး နံနက် ၉ နာရီမှ ညနေ ၄နာရီခွဲ အထိ တက်ရောက် ရမည်ဟု သိရသည်။
"ဟိုတယ်က လုံခြုံရေး ၀န်ထမ်း ၊ မန်နေဂျာ လက်ရှိလုပ်နေတဲ့ သူတွေ လုံခြုံရေးနဲ့ ပတ်သတ်တာကို နားလည်စေချင်တယ် ။ သူတို့ကတဆင့် အခြား ၀န်ထမ်းတွေကို ပြန်ပြီးတော့ ဆင့်ပွားပေးဖို့လည်း ရည်ရွယ်ပါတယ်" ဟု ဟိုတယ် / ခရီး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန်အခြေစိုက် ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ဗုံးပေါက် မှုများ ဖြစ်ပွားပြီးနောက် ၀န်ထမ်းများကို ခေါ်ကာ လုံခြုံရေး သတိရှိရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ပြောသည်။
"မသင်္ကာစရာ တွေ့ရင် မကိုင်ဖို့ ၊ ချက်ချင်း သတင်းပို့ဖို့ ပြောထားတယ် ။ ပြဿနာ တစ်ခုခုဖြစ်ရင် ဟိုတယ်က အရင်ရှင်းရမှာ" ဟု အထက်ပါလုပ်ငန်းရှင်က ပြောသည်။
ယခုလ ၁၄ ရက်နေ့ ည တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တည်းခိုနေသော အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အလားတူ စစ်ကိုင်းရှိ ရွှေပြည့်စုံဟိုတယ် ထမင်းစားခန်းတွင် လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ဟိုတယ် များလုံခြုံရေး သတိရှိကြရန် ၀န်ကြီးဌာနမှ နှိုးဆော်ထားသည်။
မေဇင်ဝင်း
အေးချမ်းမွန် Credit To >Popular Myanmar News Journal
Post a Comment