0



Friday, October 18, 2013

မိန်းကလေးတွေများသောအားဖြင့် မဟုတ်တောင် ၅၀%လောက်က ရုပ်ရည်သွင်ပြင်ကို ဥိးစားပေးရွေးချယ်တတ်ကြပါတယ်… ဒီအချက်က ဖြစ်သင့်တဲ့အကြောင်းအရာတခုထဲ ပါကောင်းပါနိုင်ပါတယ်…

ဒါပေမဲ့ ရာနှုန်းပြည့်တော့ မဟုတ်ပါဘူး… ကိုယ့်ကိုယ် ကို အလှဆုံး အချောဆုံး ကိုရီးယားမင်းသားလို မျက်နှာပေါင်းတင်၊ မိတ်ကပ်တွေလိမ်း၊ နေပူမိမှာစိုးရတာနဲ့ အသားမဲမှာစိုးရတာ နဲ့ ၀မှာစိုးလို့ ဟိုအစားရှောင်ရ၊ ဒီအစားရှောင်ရ… ဒီအချက်တွေ ဗျာများနေတာနဲ့တင် အိမ်ထောင့်တာဝန်မပြောနဲ့ ကျွန်မနဲ့သာ ဆိုရင် ချစ်ရက်ရှည်ကြာမယ်တောင်မထင်… ဒါရုပ်ရည်ဖြင့် အကဲခတ်တတ်သူ ပျိုမေတို့အတွက် ကျွန်မရဲ့ ထင်မြင်ချက်။

နောက် ကိုယ်ခန္ဓာအချိုးအစား၊ ဘော်ဒီတောင့်တောင့်တင်းတင်း ရှိသမျှကြွက်သားတွေ ညှစ်ထုတ်လိုက်ရင်များ ဖုထစ်သီးနေတဲ့သူ.. အားကိုးချင်ကောင်းပေမဲ့ ဒီအချက်ကိုသာပိုမိုကဲလို့ အကဲခတ်တတ်သူတွေအတွက် ထာဝရမတည်မြဲတဲ့ ကိုယ်ခန္ဓာအလှဆိုတာ ဘယ်အတိုင်းအတာထိ ပါဝင်ပတ်သက်နိုင်မှာပါလိမ်… ဒီအခြင်းအရာကြောင့် ရွေးချယ်တဲ့အခါ ဒီအခြင်း အရာတွေ ကျန်းမာရေးချို့ယွင်းမှုကြောင့်သော်လည်းကောင်း၊ ကြိုမမြင်နိုင်တဲ့ ထိခိုက်မှုကြောင့် ပျက်စီးချို့တဲ့သွားကြရင်ဖြင့် ကွဲကြ၊ ပြဲကြအုံးပေမပေါ့… ဒါကကိုယ်ခန္ဓာအချိုးအစားဖြင့် အကဲခတ်တတ်သူ ပျိုမေတို့အတွက် ကျွန်မရဲ့ ဒုတိယထင်မြင်ချက်။

နောက်တခုက နောက်ကြောင်းရာဇ၀င်… တချိန်က သူ့ဘိုးတော်၊ဘွားတော်၊ ခမည်းတော်ကဖြင့် အကောင်ကြီးမို့ လက်ခံချင်တဲ့ စိတ်၊ နောက်တမျိုး သူ့ဘိုးဘေးဘီဘင်တွေက လူဆိုး၊ သူခိုး၊ ကြမ်းပိုး၊ အလေအလွင့်တွေမို့ ထည့်မစဉ်းစားတော့ပဲ အမှိုက်ပုံထဲ ဂျောင်းပေရော့ လုပ်တတ်တဲ့ ပျိုမေပေါ့… ရွှေလင်ပန်းနဲ့အချင်းဆေးသူဖြစ်ပေသည့် သုံးစာလို့မရတဲ့သူတွေရှိသလို အရက်သမား၊ ဖဲသမား၊လောင်းကစားကျေးကျွန်ရဲ့ သားတော်မောင်ဖြစ်ရုံနဲ့ ဆိုးသွမ်းလူငယ်စာရင်းထဲ အတင်းကာရော မထည့်သင့်ကြောင်းပါ.. အရေအတွက်ထက် အရည်အချင်းကသာလျှင် အဓိကပဲ မဟုတ်ပေလားရှင်..

လာပါပြီနောက်တမျိုး.. ဆပ်ပြာတိုက်ပြီး ရုံးပတီသီးအိုးထဲ ဇောက်ထိုးကျသလို ချွဲပြစ်ခြင်းတွေနဲ့ တီတီတာတာ ပလီပလာပြော တတ်တဲ့ ဘသားမျိုး.. ပြောရရင်တော့ သက်ဆုံးတိုင်ထိချစ်မယ်ဆိုတဲ့စကားက ပါးစပ်မချ။ သူ့အိမ်ကခြင်ရဲ့ အသက်ဆုံးတာကို ပြောတာမှန်းမသိ၊ ဘုမသိဘမသိနဲ့ အပြောချိုတွေအောက်မှ အပျိုချောပြီးပြားပြားမှောက်မသွားစေဖို့ပါ.. မင်းမရှိရင် အသက် မရှင်ချင်ဘူးအချစ်ရယ်ဆိုတာ ထူးအိမ်သင်သီချင်းမှာပဲရှိခဲ့တာမျိုး။ ကိုယ်သာ ကောက်ကာငင်ကာ တခုခုဖြစ်ကြည့် သူပါကိုယ့်နောက် ကောက်ကောက်ပါအောင် လိုက်လာမလားလို့… အလကားနေရင်း ဆဲရေးတိုင်းထွာနေတဲ့လူမျိုးကိုမှ အထင်ကြီးစေဖို့ပြောတာမဟုတ်ဘူးနော်… ချိုသာတဲ့စကားတခွန်းဆိုတခွန်းအလျောက် သတိကပ်နိုင်ဖို့ မောင်းထုတာပါကွယ်..

နောက်တချက် သူ့ကိုယ်သူ စစ်စစ်စီစီသုံးစွဲတတ်သူလိုလို၊ စည်းစနစ်တကျ သတ်မှတ်သုံးစွဲတတ်သူလိုလို၊ ချစ်သူဘ၀မဖြစ်ခင် ကြိုးစားဆဲမှာတောင် ကိုယ်က လာသမျှရှင်းဘုရင်မကြီးဖြစ်နေရင်တော့ တူနှစ်ကိုယ်ဘ၀မှာ သူဌေးဖြစ်မဲ့ကိန်းဆိုက်ပါစေအုံး.. အဲ့ဒီအချိန်ကာလမတိုင်ခင် ကိုယ်ကတော့ မွဲရချည်သေးရဲ့နော်… ဒီအချက်ကလည်းကိုယ်နဲ့ရှေ့ဆက်ရမဲ့ ရေရှည်စီမံကိန်းအတွက် ခလုတ်ကန်သင်းတခုဆိုတာ သိထားရမယ်မဟုတ်လား…

ပျိုမေတို့ရေ… ရေကြည်သူသိသလောက် အချက်အလက်လေးတွေကို လက်လှမ်းမှီသလောက် ပြုစုလိုက်တယ်နော်.. တကယ်တော့ ချစ်သူဆိုတာ မငြူမစူ၊ မငြိုငြင်ပဲ မယိုင်လဲတဲ့ နှလုံးသားနဲ့အတူ ကိုယ့်ရဲ့ကောင်းကျိုး၊ ဆိုးပြစ်မှန်သမျှ သည်းခံ ခွင့်လွှတ်ခြင်းတွေနဲ့ ကိုယ်ကလွဲရင် ဘာကိုမှမမြင်နိုင်သော၊ ယုံကြည်သက်ဝင် ကိုးကွယ်ရာတူညီသော အမျိုးကောင်းသားများလို့ ထင်မြင်မိပါတယ်.. ပျိုမေတို့လည်း မှန်ကန်သော ဆုံးဖြတ်ချက်နဲ့အတူ စစ်မှန်သော အချစ်ဖြင့် သက်ဆုံးတိုင် ရင်ခွင်တစုံကို ရရှိပိုင်ဆိုင်နိုင်ကြပါစေနော်..

(ဒီပို့စ်လေးက အမျိုးသားများအတွက် ပြစ်တင်ရှုံ့ချချင်တဲ့ စိတ်တစုံတရာနဲ့ ရေးသားခဲ့ခြင်းမဟုတ်ပါ.. နှလုံးသားလှသော၊ စိတ်ဓါတ် ခိုင်မာသူ မောင်ငယ်၊ အကိုအရွယ်တို့ရဲ့ အပယ်ခံရခြင်းအတွက် ဂရုဏာသက်သင့်တဲ့အချက်တွေကို ဖော်ထုတ် လိုက်ရခြင်းဖြစ်ပါကြောင်း)

ရေကြည်သူ

အေးချမ်းမွန် Credit To >Latest Myanmar News
https://www.facebook.com/excellencemedia

Post a Comment

 
Top