0

Created on Friday, 25 October 2013 01:09 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တပ်ဖျက်ရေးနှင့် လက်နက်ဖျက်သိမ်းရေး ကိစ္စရပ်များကို တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးမှု သဘောတူညီချက်များတွင် ပါဝင်မှု မရှိကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်သော ၆ ကြိမ်မြောက် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ဖိုရမ်တွင် မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

''Nationwide ceasefire မှာရော အခု လုပ်ထားတဲ့ agreement တွေမှာရော တပ်ဖျက်တာတို့ လက်နက်ဖျက်တာတို့ လုံးဝမပါပါဘူး။ Nationwide ceasefire ဖြစ်လို့ရှိလို့ရှိရင် တိုင်းရင်းသားတွေ အနေနဲ့ဘာမှ လက်နက်ချစရာ မလိုဘူး။ ကိုယ့်နယ်မြေက ဘာမှလည်း ဆုတ်ပေးစရာ မလိုဘူး။ လက်နက်ကိုင်ထားပြီးတော့၊ ငြိမ်းချမ်းရေး လုပ်ပြီးတော့ ဆွေးနွေးဖို့ပါပဲ။ ဒါတွေဟာ ဘယ်တော့ပါမလဲ ဆိုတော့ ကျွန်တော်တို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီးရင် ကျွန်တော်တို့ နိုင်ငံရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ ကို ဘယ်လိုပုံစံမျိုးနဲ့ သွားမလဲ။ ဘယ်လိုပြန်လုပ်မလဲ။ ပေါင်းမလား။ ဖျက်မလား။ လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့တွေကို ပြန်လည်ပြီးတော့ ဖွဲ့စည်းတဲ့ ကိစ္စတွေ၊ ပြုပြင်ပြောင်းလဲတဲ့ ကိစ္စတွေ၊ အမေရိကန်နိုင်ငံမှာတောင်မှ ဒါတွေဟာ လုပ်နေရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဒါတွေကို တွေ့ဆုံဆွေးနွေး ရေးထဲမှာ လုပ်မှာဖြစ်ပါတယ်'' ဟု MPC မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ရှိပြီး တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ရှစ်သောင်းမှ တစ်သိန်းခန့်အထိ ရှိနေကြောင်း သိရှိရသည်။ ထို့အပြင် ရှမ်းပြည်နယ် တစ်ခုတည်း အတွင်းမှာပင် ပြည်သူ့စစ် အဖွဲ့ပေါင်း ၂၀၀ ကျော်ရှိနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့စစ်အဖွဲ့ ထောင်ဂဏန်းခန့် ရှိနေကြောင်း စစ်ရေးလေ့လာသူများ၏ ပြောကြားချက်များအရ သိရှိရသည်။

အစိုးရ အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးမှု ဖြစ်ပေါ်ရန် ဦးစွာကြိုးပမ်းနေပြီး ထိုစာချုပ် လက်မှတ်ရေးထိုး ပြီးမှသာ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မည်ဟု ပြောကြားထားသည်။

အခြားတစ်ဖက်တွင်မူ အစိုးရဘက်မှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲကြောင်း ဦးစွာကြေညာပြီး နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရန် တိုင်းရင်းသား လက်နက်ကိုင်များက တောင်းဆိုထားသည်။ ယခုလကုန်ပိုင်း၌ ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး၏ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ပြီး အစိုးရ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်အပေါ် ညှိနှိုင်းကြမည် ဖြစ်သည်။

အေးချမ်းမွန် Credit To > Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top