မန္တလေးတောင်ပေါ်မှ နေ၀င်ချိန်ကို ကြည့်ရှုနေကြသည့် နိုင်ငံခြားသား ခရီးသွားများအား တွေ့မြင်ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
မန္တလေး ရှေးဟောင်းယဉ်ကျေးမှုဇုန် နယ်မြေအတွင်း၌ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှုမှာ ကိုးလအတွင်း၌ ၈၀၀၀၀ ကျော် ရှိနေသော်လည်း စရိတ်ကြီးမြင့်မှုနှင့် ၀န်ဆောင်မှုအချို့ အားနည်းခြင်းကြောင့် လာရောက်လည်ပတ်သူ အများစု အခက်အခဲများနှင့် ကြုံနေရဆဲဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ မန္တလေးရှေးဟောင်း ယဉ်ကျေးမှုဇုန် နယ်မြေအတွင်းသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှုမှာ ကိုးလအတွင်း ၈၀၀၀၀ ကျော် ရှိခဲ့ပြီး ဟိုတယ်စရိတ် ကြီးမြင့်ခြင်းများအပြင် သယ်ယူပို့ဆောင် စရိတ်များ မြင့်တက်မှုများအပြင် ၀န်ဆောင်မှုအချို့ အားနည်းနေဆဲကြောင့် ပြည်တွင်းလာရာက် လည်ပတ်သူ အများစုမှာ စရိတ်မြင့်တက် မှုများကြောင့် ခရီးသွား ဧည့်သည်များမှာ အခက်အခဲများ ရှိနေရဆဲဖြစ်ကြောင်း ခရီးသွား ဧည့်လမ်းညွှန် အချို့၏ ပြောပြချက်အရ သိရသည်။
"မန္တလေးဇုန်ကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသား ခရီးသွားတွေ အရင်လို ငွေကြေးသုံးစွဲမှု မရှိတော့ဘူး။ Transport စရိတ်တွေနဲ့ အခြားစရိတ်တွေက အာဆီယံ နိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် မြန်မာနိုင်ငံက စရိတ်ကြီးတာကြောင့် အရင်ကလို သုံးစွဲမှု မရှိတော့တာပါ။ လက်ရှိ ဗုံးပေါက်ကွဲမှုတွေကြောင့် ခရီးသွား လုပ်ငန်းကို အနည်းနဲ့အများ ထိခိုက်မှုတော့ ရှိလာနိုင်တယ်" ဟု မန္တလေးမြို့မှ ခရီးသွား ဧည့်လမ်းညွှန် တစ်ဦးက ပြောကြားသည်။
နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် မန္တလေးဇုန် အတွင်းရှိ မန္တလေးတောင်၊ မြနန်းစံကျော် ရွှေနန်းတော်၊ ရွှေကျောင်း၊ အမရပူရ ဗားကရာနှင့် အင်းဝမြို့ဟောင်းတို့အပြင် စစ်ကိုင်း-မင်းကွန်း ဒေသများသို့လည်း နေ့စဉ်ဝင်ရောက် လည်ပတ်လျက် ရှိနေသည်။
"မြန်မာနိုင်ငံကို ခရီးသွား ၀င်လာတာက ထိုင်းနိုင်ငံ ဘက်ကနေ အဓိက ၀င်လာတာ ဖြစ်တယ်။ ကိုယ့်ရဲ့အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ယှဉ်လိုက်ရင် မြန်မာနိုင်ငံက လေယာဉ်၊ ဟိုတယ်စရိတ် စတဲ့စရိတ်တွေက အရမ်းမြင့်တက်နေတယ်။ နိုင်ငံတကာ ဈေးနှုန်းထက် ကိုယ်နဲ့အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့လို နိုင်ငံတွေနဲ့အတူ ဈေးနှုန်းကို သတ်မှတ်လိုက်ရင် မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းကို ပိုပြီးအကျိုးများလာမှာ ဖြစ်တယ်။ အခု အကျိုးရှိနေတာက လူနည်းစုပဲ ဖြစ်နေတယ်။ အောက်ခြေကလူက အရင်ကအတိုင်းပဲ ဖြစ်နေသေးတယ်။ ၀န်ဆောင်မှု ပေးတာတွေကလည်း လိုအပ်နေဆဲ ဖြစ်ပါတယ်" ဟု အဆိုပါ ခရီးသွား ဧည့်လမ်းညွှန်မှ ဆက်လက်ပြောကြားသည်။
နိုင်ငံခြားသား ခရီးသွားများအတွက် မြန်မာနိုင်ငံသည် ခရီးသွားစရိတ် ကြီးမြင့်နေမှုအား နိုင်ငံတကာနည်းတူ ဈေးနှုန်းသတ်မှတ် လိုက်မည်ဆိုပါက ပြည်တွင်းခရီးသွား ဈေးကွက်တစ်ခုမှာ ပိုမိုအောင်မြင် လာမည်ဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် မြန်မာမှုလက်မှု ပစ္စည်းများကိုလည်း နှစ်သက်ဝယ်ယူမှုများ ရှိနေသောကြောင့် ခရီးသွား လုပ်ငန်းသည် မြန်မာ့ယဉ်ကျေးမှုကိုပါ ထိန်းသိမ်းပေးရာရောက်ကြောင်း ခရီးသွား ဧည့်လမ်းညွန်များက သုံးသပ်မှုများ ရှိနေကြသည်။
အေးချမ်းမွန် Credit To > Eleven Media Group
Post a Comment