0

စစ်တွေရေနက်ဆိပ်ကမ်း ဆိပ်ခံတံတား တည်ဆောက်မှု လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်)

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း၊ ကုလားတန်မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုမည့် စစ်တွေရေနက်ဆိပ်ကမ်း ဆိပ်ခံတံတား တည်ဆောက်မှု လုပ်ငန်းမှာ ပြီးစီးလုနီးပါး ရှိနေပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် အဆောက်အအုံ ၁၃ လုံးကို ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိပ်ခံတံတား တည်ဆောက်မှု အပိုင်းတွင် တံတားအား အပေါ်ယံ အချောကိုင်ခြင်းများသာ ကျန်ရှိတော့ကြောင်းနှင့် လုပ်သားအင်အားများကိုလည်း လျှော့ချထားပြီဖြစ်ကြောင်း ယင်းလုပ်ငန်းနှင့် နီးစပ်စွာ လုပ်ကိုင်နေသူ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

"အခု ဆောက်နေတာက အဆောက်အအုံ အပိုင်းပါ။ အဲဒီ ဆောက်အအုံကိုလည်း ESSAR ကုမ္ပဏီက တိုက်ရိုက်လုပ်တာ မဟုတ်ဘူး။ ဖောင်ဒေးရှင်းလောက်သာ လုပ်ပေးပြီး ကျန်တဲ့အပိုင်းကို ပုဂ္ဂလိက လုပ်ငန်းရှင် တစ်စုက လုပ်တယ်။ လက်ရှိမှာ အဆောက်အအုံ ခုနစ်လုံးကို လုပ်နေတယ်။ အလုပ်သမားတွေကိုလည်း လျှော့ချနေတယ်။ လုပ်ငန်းမှာ လိုအပ်သလောက်ပဲ ထားတယ်" ဟု ယင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသူ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

စစ်တွေရေနက်ဆိပ်ကမ်းသည် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းသစ်အတွက် အရေးပါသော ဆိပ်ကမ်းတစ်ခု ဖြစ်သော်လည်း ယင်းဆိပ်ကမ်းနှင့် ပတ်သက်ပြီး
အကျိုးအမြတ် မည်သို့ရှိလာမည်ကို ဒေသခံများ မသိသေးကြောင်း သိရသည်။

"ဆောက်နေတာတော့ တွေ့တယ်။ ဘယ်အတိုင်းအတာထိ လုပ်မယ်ဆိုတာကို ပြည်နယ်အစိုးရတောင် သိမယ်မထင်ဘူး။ ဆောက်လုပ်ရေး လုပ်ငန်းလုပ်နေတဲ့ ESSAR ကလည်း တစ်ခါမှ ပြည်သူတွေကို ပြောတာမရှိခဲ့ဘူး။ ဒေသတွင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု လုပ်တယ်ဆိုတာ ပွင့်လင်းမြင်သာမှုနဲ့ ထိခိုက်မှုတွေအတွက် သင့်တော်သလို လုပ်ပေးသင့်တယ်လို့ သုံးသပ်မိတယ်" ဟုလည်း ပတ်ဝန်းကျင် ထိခိုက်မှုများကို လေ့လာသူ ဦးထွန်းလှိုင်က ဆိုသည်။

စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းနှင့်အတူ လက်ရှိတွင် ပလက်ဝမြို့၌လည်း ကြားဆိပ်ကမ်း တစ်ခုကို တည်ဆောက်လျက်ရှိပြီး ယင်းဆိပ်ကမ်းနှစ်ခုသည် သယ်ယူပို့ဆောင်ရေး အပိုင်း၌ ရေလမ်းကြောင်း အပိုင်းတွင် အရေးပါသော ဆိပ်ကမ်းများဖြစ်ကြောင်းလည်း သိရသည်။


အေးချမ်းမွန် Credit To > Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top