ပညာတတ်လေလေ၊အထက်တန်းရောက်လေလေ၊အသက်၊ဂုဏ်ကြီးလေလေ နှိမ့်ချတတ်တဲ့ အကျင့်လေးတွေ နဲ့ နေနိုင်ြ ဖစ်အောင် ကြိုးစားသင့်ပါတယ်။
စပါးနှံလိုပေါ့။စပါးနှံဟာအသီးအနှံ အောင်လေလေအကိုင်းညွှတ်လေလေ ဖြစ်သလို အသက်သိက္ခာ ဂုဏ်ပညာ ကြီးလေလေ ကိုယ့်ကိုယ်ကို နှိမ့်ချလေဖြစ်အောင် သတိပြုသင့်လှပါတယ်။
တိပိဋက မင်းကွန်းဆရာတော် ဘုရားကြီးဆိုရင် ကိုရင်လေးတွေနဲ့ စကားပြောတာတောင် မင်းနဲ့ငါနဲ့ မပြောဘဲ “ကိုရင်တို့… အရှင်ဘုရားတို့..“ စသဖြင့် ပြောတယ်လို့ ဆိုပါတယ်။ ပညာရှိဟာ အဲဒီလို ဖြစ်သင့်ပါတယ်။
ဆရာတော်ကြီးဟာ ပညာတတ်တာနဲ့အမျှ ကိုယ့်ကိုယ်ကို နှိမ့်ချမှုဟာလည်း အတုယူစရာ ကောင်းလှပါတယ်။ ကြည်ညိုစရာကောင်းလှပါတယ်။ ငါပညာတတ်ဆိုပြီး မာန်မာန မထားဘဲ ကိုရင်လေးကအစ တလေးတစား ဆက်ဆံတာဟာ ပညာရှိများရဲ့ ဂုဏ်တစ်ခုပါပဲ။
ပညာအရာဧတဒဂ်ဖြစ်တော်မူတဲ့အပြင်ဘုရားရှင်ရဲ့အဂ္ဂသာဝကကြီးလည်းဖြစ်တဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ် ကြီးဆိုရင် သင်္ကန်းဝတ်တာ မညီလို့ပြောတဲ့ ကိုရင်လေးကိုပင် “တင်ပါဘုရား… ပြန်ပြင်ဝတ်လိုက်ပါမယ် ဘုရား..“လို့ တလေးတစား အလေးအထားကာ နှိမ့်ချဆက်ဆံ တာလေးတွေ တွေ့ရပြန်တော့ ပညာရှိများရဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ အကျင့်လေးတွေအပေါ် ကြည်ညိုမိပါတယ်။
ဒီပညာရှိကြီးများလောက်ကိုယ့်ကိုယ်ကို နှိမ့်ချတဲ့နိဝါတတရားမထားနိုင်တာတောင်မှ သတိတရား လက်ကိုင်ထားပြီး မာနလေးတွေ လျှော့တတ်တဲ့ အကျင့်လေးတွေ လေ့ကျင့်ကြည့်သင့်ပါတယ်။ နှိမ့်ချတယ်ဆိုတာ မာနကိုလျှော့တာဖြစ်တဲ့အတွက်မာနလျှော့လေလေကိုယ့်ကိုယ်ကို နှိမ့်ချပြီးဖြစ်လေလေ ဖြစ်ပါတယ်။ နှိမ်ချတတ်တဲ့ နိဝါတ တရားတွေများများ ရှိလေလေ ကိုယ့်သန္တာန်မှာ မင်္ဂလာတရားတွေ တိုးလေဖြစ်ပြီး မင်္ဂလာရှိရင် ကုသိုလ်လည်းရှိပြီ ဖြစ်ပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရှိတဲ့အတွက် မာနလေးတွေ လျှော့ပါလို့ ဆိုခြင်းဖြစ်ပါတယ်။
မာနကြီးခြင်းနဲ့ နှိမ့်ချခြင်းတို့ဟာ ဆန့်ကျင်ဘက်တွေ ဖြစ်တာနဲ့အမျှ တန်ပြန်သက်ရောက်တဲ့အကျိုးရလာဘ်ဟာလည်းအလွန်ကွာခြားလှပါတယ်။ မာနကြီးတဲ့သူဟာ ကိုယ်ကိုယ်ကို အထင်ကြီးမှုဘက် ဦးတည်နေပြီး သူတပါးအပေါ် အဂါရ၀ ဖြစ်စေတတ်ပါတယ်။ နှိမ့်ချတတ်သူကတော့ သူတပါးအပေါ် ဂါရ၀တရားထားမှုဘက် ဦးတည်နေပြီး ကိုယ့်ကိုယ်ကို နိဝါတ မင်္ဂလာရှိစေတတ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မာနတရားဟာ ပြိုင်ဆိုင်မှုကို ပြင်းထန်စေပြီး တည်ငြိမ်အေးချမ်းမှုကို ဆုတ်ယုတ်စေတယ်ဆိုတာ အမှန်ပါပဲ။ မာနတရား လက်ကိုင်ထားတဲ့အတွက် မျက်မှောက်ဘ၀မှာလည်း အထင်အမြင်အသေး ခံရတတ်သလို သံသရာမှာလည်း အမျိုးဇာတ်ယုတ်နိမ့်တတ်ပါတယ်။ ဒါကြောင့် အခုလည်းမကောင်း နောင်လည်းမကောင်းခြင်းကို ဖြစ်စေနိုင်တဲ့ မာနတရားကို သတိတရား လက်ကိုင်ထားကာ တဖြည်းဖြည်း လျှော့နိုင်အောင် ကြိုးစားပြီး မင်္ဂလာရှိတဲ့သူများ ဖြစ်စေဖို့ အစွဲမာန အမြဲခ၀ါချနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…
(အရှင်ဝိစိတ္တ- မနာပဒါယီ)
post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
အေးချမ်းမွန် Credit To >နှင်းဆီဖူးလေးများ-Love BUDS
Post a Comment