0

မန္တလေး၊ အောက်တိုဘာ၂၅

မန္တလေးမြို့တော် ယာဉ်ရောင်းဝယ်ရေး ဈေးကွက် အတွင်း ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော် လိမ်လည်မှုဖြင့် အမှုဖွင့်ထားခြင်း ခံရသူ ကြိုးဆွဲချ သတ်သေသွားသဖြင့် အဆိုပါ အမှုကို သေဆုံးသူ၏ ဇနီးအား ဆက်လက် အမှုဖွင့်ထားသည့်အပြင် ကားဝိုင်းအတွင်း အလိမ်ခံရသူများကလည်း ၎င်းတို့ နစ်နာမှုအတွက် အမှုဖွင့်ရန် အစီအစဉ် ရှိကြောင်း လုပ်သက်ရင့် ယာဉ်ဝယ်ရောင်း အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးအောင်က ပြောကြားသည်။
“ကျွန်တော့် Customer တွေထဲမှာ လက်ရှိ ကားနှစ်စီးနဲ့ အုံနာဘုတ် ကျန်နေသေးတဲ့ ကားတွေကို ကိုယ့်အိတ်ထဲကစိုက်ပြီး လုပ်ပေးသွားရမှာ။ သူသေသွားတယ် ဆိုပေမယ့် ကျွန်တော်တို့ နစ်နာမှုအတွက် ဘာဆက်လုပ်မယ်ဆိုတာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ တိုင်ပင်နေတယ်။ အမှုဖွင့်ဖို့ လိုတယ်ဆိုရင် အမှုဖွင့်သွားမယ်” ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ချမ်းအေးသာစံမြို့နယ် ဂေါဝိန်ဆိပ်အနီးရှိ ခြံတစ်ခြံတွင် ယခုနှစ် ဧပြီလမှ သြဂုတ်လကုန်အထိ ငါးလကြာ ကာလအတွင်း ယာဉ်အရောင်းအဝယ် ပြုလုပ်ကြရာမှ တစ်ဦး တည်းက ငွေကျပ်သိန်းပေါင်း သုံးသောင်းကျော် လိမ်လည်သွားခဲ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဦးကျော်ခိုင်စိုးနှင့် ၎င်း၏ ဇနီးတို့ကို ငွေကျပ်သိန်း ၁၁၂၅၇ ဒသမ ၉ လိမ်လည်မှုဖြင့် သက်ဆိုင်ရာ နယ်မြေ ရဲစခန်းအမှတ် (၆) တွင် (ပ)၃၈၂/၂၀၁၃ ပြစ်မှုပုဒ်မ ၄၂၀ အရ အမှုဖွင့် အရေးယူထားရာ ဦးကျော်ခိုင်စိုးက အောက်တိုဘာလ ၂၁ ရက်နေ့တွင် မိမိကိုယ်မိမိ အဆုံးစီရင် သွားခဲ့ကြောင်း မဟာအောင်မြေ မြို့နယ်ရှိ အမှတ် (၆) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တချို့ကလည်း လူသေသွားပြီဆိုတော့ ခွင့်လွှတ်လိုက်ကြပြီး Customer တွေရဲ့ ကားစလစ်တွေကို စိုက်လျော်ကြတယ်” ဟု သေဆုံးသူ ဦးကျော်ခိုင်စိုးနှင့် ရင်းနှီးသူ ကားဝယ်ရောင်း လုပ်သက် ၁၀ နှစ်ခန့်ရှိသူ ဦးအောင်စိုးက ပြောကြားသည်။

ဦးကျော်ခိုင်စိုးသည် စိတ်ဖိစီးမှုများ၍ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ၎င်း၏ နေအိမ်တွင်ပင် ကြိုးဆွဲချ သတ်သေခဲ့သည်။

အရောင်းအဝယ် စာချုပ်များအရ ပေးအပ်ရန် ရှိသူများကို မိမိပိုင်ဆိုင်သည့် ပစ္စည်းများရောင်းချကာ ပြန်လည် လျော်ပေးမည်ဟု ဦးကျော်ခိုင်စိုးက မသေဆုံးမီက ပြောကြားထားခဲ့သော်လည်း
ကာယကံရှင် သေဆုံးသွားပြီ ဖြစ်သဖြင့် ဆက်လက်ဆောင်ရွက်မည့် အနေအထားကို မသိရသေးကြောင်း ဦးကျော်ခိုင်စိုး၏ မိတ်ဆွေများထံမှ သိရသည်။

မန္တလေးမြို့တော် မော်တော်ယာဉ် ရောင်းဝယ်ရေး ဈေးကွက်မှာ အေးစက် လျက်ရှိပြီး အမြင့်ကားများ အရောင်းအဝယ် မဖြစ်ဘဲ ကျပ်သိန်း ၂၀၀ ဝန်းကျင်ရှိ မတ်တူး ၉၉ ၊ ရွှေငါးကားများသာ အရောင်းအဝယ် ဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မန္တလေးရှိ သေဆုံးသူ၏ ဇနီးနေအိမ်သို့ The Voice က သွားရောက်ရာ တရားဝင် မေးမြန်းခွင့် မရခဲ့ပေ။

အေးချမ်းမွန် Credit To > The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top