0


စက်မှုဝန်ကြီးဌာန၏ စက်မှုစီမံကိန်း ခြောက်ခုသည် စက်မှုဖွံ့ဖြိုးရန် အရင်းအနှီးများစွာ မြှုပ်နှံထားသည့် စီမံကိန်းများ ဖြစ်သောကြောင့် အောင်မြင်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာက သုံးသပ်ပြောကြားသည်။

အောက်တိုဘာ ၂၄ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် သုံးသပ်ပြောကြား ခဲ့ခြင်းဖြစ်သည်။

''စက်မှုဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ မော်တော်ယာဉ်မိုလ်နဲ့ ဒိုင်ထုတ်လုပ်မှု စီမံကိန်း၊ ကုန်တင်ယာဉ် ဘီးဝင်ရိုး ထုတ်လုပ်မှု စီမံကိန်း၊ အကြီးစား ဒီဇယ်အင်ဂျင် ထုတ်လုပ်မှု စီမံကိန်း၊ အမှတ် (၁) သံမဏိစက်ရုံ တိုးချဲ့စီမံကိန်း၊ အမှတ် (၂) သံမဏိစက်ရုံ စီမံကိန်းတွေ ဖြစ်ပါတယ်။ ဒီစီမံကိန်း ခြောက်ခုအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် မူလလျာထားချက် ငွေအသုံးစရိတ်က ကျပ် ဘီလျံ ၃၈၈ ဒသမ ၅၄၁ ရှိပါတယ်။ ဖြည့်စွက် တောင်းခံမှု ကျပ်ဘီလျံ ၄၇ ဒသမ ၂၅၈ ကို ကျပ်ဘီလျံ ၄၆ ဒသမ ၇၆၁ ခွင့်ပြုခဲ့ပါတယ်။ အမှတ် (၄) သံမဏိစက်ရုံ မြင်းခြံရဲ့ တောင်းခံငွေ ကျပ်သန်း ၃၇၇၂၄၈ ဒသမ ၀၀၅ ကိုလည်း မပေးမဖြစ် ပေးချေရမယ့် ငွေကိုသာ ပေးချေပြီး ကျန်လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ အဆိုတင်သွင်း ဖူးပါတယ်။ အခုလည်း အဲဒီသံမဏိ စက်ရုံက နောက်ထပ် ကျပ်သန်းပေါင်း ၁၂၅၅၃ ဒသမ ၈၀၀ ထပ်မံ တောင်းခံထားတာ တွေ့ရပါတယ်'' ဟု ဦးကြည်သာက ပြောကြားသည်။

အဆိုပါ စီမံကိန်းခြောက်ခု အတွက် စာချုပ်အရ နိုင်ငံခြားငွေ အသုံးပြုမှုများမှာ အမေရိကန်ဒေါ်လာ သန်း ၈၉ ဒသမ ၀၇၃၊ ယူရိုငွေ သန်း ၁၄၆၅ ဒသမ ၄၉၇ ဖြစ်ကြောင်း၊ ၂၀၁၂- ၂၀၁၃ ခုနှစ်အထိ သုံးစွဲပြီး ပမာဏများမှာ ဆောက်လုပ်ရေး လုပ်ငန်းအတွက် ကျပ်ငွေဘီလျံ ၃၄၄ ဒသမ ၃၄၃၊ စက်ပစ္စည်း အတွက် ကျပ်ဘီလျံ ၃၂၇ ဒသမ ၅၇၄၊ အခြားအတွက် ကျပ်ဘီလျံ ၁ ဒသမ ၅၅၇ ဖြစ်ပြီး စုစုပေါင်း အသုံးစရိတ်မှာ ကျပ်ဘီလျံ ၆၇၃ ဒသမ ၄၇၄ ဖြစ်ကြောင်း ဦးကြည်သာက ပြောကြားသည်။

စက်မှုဝန်ကြီးဌာန၏ ပြုပြင်ပြီး ခန့်မှန်းရငွေမှာ ကျပ်ဘီလျံ ၆၁၁ ဒသမ ၀၇၄ဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်း အသုံးစရိတ်သည် ၈၄၂ ဒသမ ၃၆၄ ဖြစ်ကြောင်း၊ ရငွေသုံးငွေ အချိုးမှာ ၁း၁ ဒသမ ၃၈ ဖြစ်ကြောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေ အသုံးစရိတ်သည် မူလခန့်မှန်းခြေထက် ကျပ် ၄၃ ဒသမ ၆၁၁ ဘီလျံ ပိုနေကြောင်း ဦးကြည်သာက သုံးသပ်ခဲ့သည်။

ဆက်လက်၍ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးနှင့် ပတ်သက်၍ မူနှင့်အခြေခံ သဘောများကို ဆွေးနွေးရာတွင် စက်မှုဝန်ကြီးဌာန သာမက စွမ်းအင်ဝန်ကြီးဌာနနှင့် ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာနသည် ပြုပြင်ပြီး ခန့်မှန်းခြေ အသုံးစရိတ်တွင် ကျပ်ဘီလျံ ၃၂၈၂ ဒသမ ၇၅၂ ဖြင့် အများဆုံး တောင်းခံထားကြောင်း၊ စွမ်းအင်ဝန်ကြီးဌာန အသုံးစရိတ် ရင်းနှီးငွေတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် မူလလျာထားချက် ကျပ် ၃၉၂ ဒသမ ၃၄၀ ဘီလျံထက် ကျပ် ၁ဒသမ ၃၁၀ ဘီလျံ ပိုနေကြောင်း၊ လျာထားချက်ထက်ပိုပြီး ကျပ် ၃၉၃ ဒသမ ၆၅၀ ဘီလျံ လျာထားကြောင်း ပြောကြားသည်။

စွမ်းအင်ကဏ္ဍသည် နိုင်ငံတော် ရသုံးခန့်မှန်းခြေ၏ အဓိကနေရာတွင် ပါဝင်နေကြောင်း၊ ရေနံထွက်ရှိမှု အလွန်နည်းပါးသဖြင့် သဘာဝဓာတ်ငွေ့သည် အဓိက ဖြစ်နေကြောင်း၊ အကောက်တော်မှ ကျပ်သန်းပေါင်း ၃၀၀၆၉၉ ရရှိနေကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှလည်း အကောက်တော် ကျပ်သန်းပေါင်း ၁၁၄၆၀ ပါဝင်နေကြောင်း၊ စွမ်းအင်ကဏ္ဍမှ ရရှိသည့် Royality မှာ ကျပ်သန်းပေါင်း ၃၁၂၁၅၉ ဖြစ်သည့် အတွက် စုစုပေါင်း အကောက်တော်၏ ၉၉ ဒသမ ၄၈ ရာခိုင်နှုန်း ရရှိနေကြောင်း၊ စုစုပေါင်းပြုပြင်ပြီး ခန့်မှန်းခြေ အခွန်ရငွေ၏ ၈ ဒသမ ၇၀ ရာခိုင်နှုန်း ရှိနေကြောင်း ဆွေးနွေးခဲ့သည်။

စွမ်းအင်ကဏ္ဍ၏ သဘာဝဓာတ်ငွေ့ ရောင်းချရမှု ရငွေအပေါ် မူတည်ရပ်တည်မည့်အစား စွမ်းအင်ကဏ္ဍကို အသုံးပြုပြီး စက်မှုကဏ္ဍ တိုးတက်မှု ရရှိအောင် ဆောင်ရွက်မှသာ နိုင်ငံ၏ ဖွံ့ဖြိုးမှု ရေရာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

(ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာ ဆွေးနွေးစဉ်
)

အေးချမ်းမွန် Credit To > Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top