0

ယခင် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးခဲ့သည့် ဘဏ္ဍာငွေ စာရင်းများအား လွှတ်တော်စသည့် နေ့မှသာ ဝေငှခဲ့သောကြောင့် ကြိုတင်လေ့လာချိန် မရရှိခဲ့ကြောင်း၊ လာမည့် နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်မည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် ဆွေးနွေးမည့် ဘဏ္ဍာငွေစာရင်းများအား လွှတ်တော်မတိုင်မီ ကြိုတင်ဝေထားရန် လွှတ်တော်ကိုယ်စားလှယ် အချို့က တောင်းဆိုထားသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရဌာနများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံသည့် စာရင်းများအား ကြိုတင်ဝေငှထားခြင်း မရှိဘဲ လွှတ်တော်စသည့် နေ့မှသာ ရရှိခဲ့ကြောင်း၊ သို့သော်လွှတ်တော် အစည်းအဝေး မတိုင်မီ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင်မူ အရေးကြီး ဘဏ္ဍာငွေ စာရင်းကိုသာ နှုတ်မှဖတ်ပြခဲ့ခြင်းဖြစ်ပြီး ထိရောက်မှု မရှိကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

''ဒီတစ်ခေါက် လွှတ်တော်မှာ ဆွေးနွေးမယ့် ဘဏ္ဍာငွေစာရင်းတွေကို ကြိုတင်ဝေငှထားဖို့ တောင်းဆိုထားပါတယ်။ လွှတ်တော်မတိုင်မီ ပုံမှန်တွေ့ဆုံပွဲရှိတော့ အဲဒီမှာ ဘဏ္ဍာငွေ စာရင်းတွေကို ကြိုတင်ပေးမလားလို့တော့ မျှော်လင့်ထားတာပဲ။ ဒီစာရင်းတွေကို ကြိုတင်မရထားတော့ စဉ်းစားချိန်မရဘဲ အတည်ပြု လိုက်ရတယ်။ လွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့က စာရင်းအပြည့်အစုံကို ကြိုတင်ရဖို့ လိုပါတယ်။ ပြီးတော့ ငွေစာရင်း ခေါင်းစဉ်တွေလည်း အတိအကျ မပါတဲ့အတွက် စိတ်ထဲမှာ စနိုးစနောင့် ဖြစ်ရပါတယ်'' ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

''ဘတ်ဂျက်စာရင်းတွေ လွှတ်တော်မတိုင်မီ ကြိုတင်ဝေငှထားဖို့တော့ ပြောထားပါတယ်။ သူတို့ဘက်ကလည်း စီစဉ်ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ လွှတ်တော်က နိုဝင်ဘာ ၄ ရက်မှစမှာ။ အခုထိ စာရင်းတွေ မရသေးဘူး။ ကြိုတင်ပေးတော့ ကြိုတင်ထောက်ပြ ဆွေးနွေးလို့ ရတာပေါ့'' ဟု တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားသည်။

ပြီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရဌာန ဆိုင်ရာများ၏ ဖြည့်စွက်ငွေ တောင်းခံရာတွင် ဌာန ၁၉ ခုမှ တောင်းခံခဲ့ပြီး ယင်းသို့ တောင်းခံရာတွင် အလျားပေ ၂၀၀အနံ ပေ၁၄၀၊ အာစီငါးထပ် အမျိုးအစား အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင် တရားရုံးနှစ်ရုံး ဆောက်လုပ်မှုအတွက် တစ်ရုံးလျှင် ကျပ်သန်းပေါင်း ၅၀၀၀ ကျော် တောင်းခံခဲ့ကြောင်း၊ ခရိုင်တရားရုံးတစ်ရုံး ယင်းသို့ အကုန်အကျခံ ဆောက်လုပ်မည့်အစား အခြားလိုအပ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများကဲ့သို့ နေရာများတွင် ပြောင်းလဲသုံးစွဲသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင် အပါအ၀င် အတိုက်အခံ ပါတီများမှ လွှတ်တော်ကိုယ်စားလှယ် အချို့က ကန့်ကွက်ဆွေးနွေး ခဲ့ကြသော်လည်း ပြည်ခိုင်ဖြိုးပါတီမှ ထောက်ခံသည့် လွှတ်တော် ကိုယ်စားလှယ်များ၍ လွှတ်တော်က အတည်ပြုခဲ့သည်။

အေးချမ်းမွန် Credit To > Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top