0


မင်းမင်း

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးရန် နိုင်ငံတော်သမ္မတ ပေးပို့ထားသည့် သ၀ဏ်လွှာမှာ တိုင်း ရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်သည်ဟုဆိုကာ အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ယင်းသ၀ဏ်လွှာကို အတည်မပြုဘဲ ဆိုင်းငံ့ထားလိုက်သည်။

သ၀ဏ်လွှာပါ အကြောင်းအရာမှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုထားပြီးဖြစ်သည့် တရုတ်နိုင်ငံ EXIM Bank of China မှ ချေးငွေရရှိထားသော ကန်ဒေါ်လာ ၅၇ ဒသမ ၁ သန်းကို မွန်ပြည်နယ်၊ မော်လမြိုင်တွင် ၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံ တည်ဆောက်ရေးအစီအစဉ်ကို ရခိုင်ပြည်နယ်ကျောက်ဖြူမြို့သို့ ပြောင်းလဲတည်ဆောက် ခွင့်ရရှိရေးကို အတည်ပြုပေးရန် သမ္မတက ပေးပို့ခဲ့ခြင်းဖြစ်သည်။

ယင်းသ၀ဏ်လွှာနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက “ပြည်ထောင်စု လွှတ်တော် နာယကအနေနဲ့ သားရွှေအိုးထမ်းတဲ့အဖြစ်မျိုးပဲ ဖြစ်စေချင်ပါတယ်။ အားလုံးသော တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကို မထိခိုက်မပျက်ပြားစေသော ကိစ္စများဖြစ်အောင် ပြန်လည်သုံးသပ် ဆောင် ရွက်ပေးဖို့လိုကြောင်း ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်”ဟု မှတ်ချက်ပြုသည်။

သ၀ဏ်လွှာပါ အကြောင်းအရာနှင့် ပတ်သက်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦး ခင်မောင်စိုးက ယခုနှစ်သြဂုတ်လအတွင်းက ကမ္ဘာ့ဘဏ်မှ ချေးငွေရရှိထားသည့် ကန်ဒေါ်လာသန်း၁၄၀ ဖြင့် ၁၂၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့သုံး စွန့်ပစ်အပူသုံးစက်ရုံကို မွန်ပြည်နယ်သထုံတွင် တည်ဆောက် မည်ဖြစ်သည့်အတွက် မွန်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံ ဖြစ်နေသောကြောင့် အတည်ပြုပြီးသားဖြစ်သည့် မော်လမြိုင်တွင် တည်ဆောက်မည့် စက်ရုံအစား ကျောက်ဖြူသို့ ပြောင်းရွှေ့ တည်ဆောက်လိုသည်ဟု ဆိုခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက “ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှာ ကမ်းလွန် ရွှေ သဘာဝဓာတ်ငွေ့က ပေးပို့ သော မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းက ဓာတ်ငွေ့ကုဗပေ သန်း ၂၀ ရမှာဖြစ်တာကြောင့် သဘာဝဓာတ်ငွေ့ရရှိရန် လွယ်ကူတာကတစ်ကြောင်း ကျောက်ဖြူမြို့မှာ ပြောင်းလဲတည်ဆောက်လိုတာ ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။

ယခုကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါက မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များကို ဒေသခံများမှ အမြင်စောင်းနိုင်မည်ဖြစ်ပြီး “ကျွန်တော်တို့ မွန်ပြည်နယ် က လွှတ်တော်ကိုယ်စားလှယ်များ မျက်နှာ ဘယ်မှာထားရမလဲ။ သိက္ခာ ဘယ်လောက်ကျရမလဲ”ဟု မွန် ပြည်နယ်မှ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုးက လွှတ်တော်တွင် ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်တွင် ၁၆ မြို့နယ်မှာ ပုဂ္ဂလိကမှ လျှပ်စစ်မီးပေးခြင်းဖြစ် ပြီး တစ်ယူနစ်လျှင်ကျပ် ၅၀၀၀န်းကျင်ခန့်ရှိသည်။ သို့သော် ကျောက်ဖြူမြို့နယ်မှာမူ ကျောက်ဖြူ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသော ဓာတ်ငွေ့ဖြင့် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ပေးသည့်အတွက် ပြီးခဲ့သည့် စက်တင်ဘာ လလယ်ခန့်က တစ်ယူနစ်လျှင် ၃၅ ကျပ်ဖြင့် လျှပ်စစ်မီး ရရှိခဲ့ပြီဖြစ်သည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top