(ဆောင်းပါးရှင် - မင်းသန်းထိုက်(ဒေးဒရဲ))
ပညာနှင့် ပတ်သက်၍ လောက၌ အသုံးတွင်ကျယ်လှသော စကားတစ်ခု ရှိပါသည်။ ယင်းမှာ"ပညာပေးသည်" ဟူသော စကားဖြစ်ပါသည်။ မြန်မာဓလေ့တွင် "ပညာအမွေ ပေးသည်" ဟုလည်း သုံးတတ်ကြပါ သေးသည်။ ပစ္စည်းဥစ္စာ အမွေထက် သားသမီးများကို ပညာအမွေ ပေးခြင်းက ဘ၀တစ်သက်တာအတွက် ပိုမိုစိတ်ချ ရသည်ဟု ၀တ္ထုများ၊ ပုံပြင်များတွင်လည်း ရေးကြ၊ သားကြသည်ကိုလည်း ဖတ်ခဲ့၊ မှတ်ခဲ့ ရဖူးပါသည်။ မြန်မာသံစဉ် အဆိုတော်ကြီး တစ်ယောက်၏ "အမေနဲ့ရွာကို လွမ်းတယ်" သီချင်းထဲက "ပညာအမွေ အမေကပေးတယ်၊ တစ်နယ်တစ်ကျေးမှာ သားပျော်ရတယ်" ဟူသော အပိုဒ်ကို တက္ကသိုလ်ကျောင်းသား ဘ၀က အဆောင်အခန်း တံခါးပိတ်ပြီး ခံစားမှုအပြည့်နဲ့ ဆိုခဲ့ဖူးပါသည်။
ဒီစဉ် အခါတုန်းက ဆိုကောင်းကောင်းနှင့် ဆိုခဲ့သော်လည်း ထိုပညာအမွေ ပေးသည်ဆိုသည့် စကား၏ အဓိပ္ပာယ်ကို ကောင်းစွာမစဉ်းစား မိခဲ့ပါချေ။ ယခုအရွယ် ကလေးရလာမှ ပညာကို အမွေပေးလို့ ရသလားဟု ကိုယ့်ဘာသာ မေးခွန်းထုတ်ရင်း ကျွန်တော်စဉ်းစား ကြည့်မိပါသည်။ အကယ်၍သာ ပညာကို အမွေပေးလို့ ရပါလျှင် ဆရာဝန်က သူ၏သားသမီးများကို ဆေးပညာ အမွေပေးခဲ့ ပေလိမ့်မည်။ အင်ဂျင်နီယာက သူ၏သားသမီးများကို အင်ဂျင်နီယာ အမွေပေးခဲ့ ပေလိမ့်မည်။ အမွေမပေး၍သာ အချို့ဆရာဝန် သားသမီးများ ဆရာဝန် မဖြစ်ကြခြင်း ဖြစ်၏။ အချို့အင်ဂျင်နီယာ သားသမီးများ အင်ဂျင်နီယာ မဖြစ်ကြခြင်း ဖြစ်၏။ ဆရာဝန် ဖြစ်ချင်လျှင် ဆေးကျောင်းတက်ကြရသည်။ အင်ဂျင်နီယာ ဖြစ်ချင်လျှင် အင်ဂျင်နီယာကျောင်း တက်ကြရသည်။
သို့ဆိုလျှင် ပညာကို အဘယ်သို့ ရနိုင်သနည်း။ ပညာသည် ယူမှရသောအရာ ဖြစ်လေသည်။ ပေးသူက မည်မျှပင်ပေးပေး ယူသူက မယူလျှင် မရနိုင်ပေ။ ညီတူညီမျှ ပေးသော်လည်း ယူသူ၏ ခံယူနိုင်မှု ဥာဏ်အခြေခံအပေါ် မူတည်၍ ရတာချင်း မတူပါချေ။ အတန်းတစ်တန်း၌ ကျောင်းသားအယောက် ၅၀ ရှိသည် ဆိုပါစို့။ သင်ခန်းစာ တစ်ခုကို ဆရာက အတူတူ သင်ကြားပေးလိုက်သော်လည်း ကျောင်းသားတစ်ယောက်နှင့်တစ်ယောက
ယနေ့ခေတ် ကျောင်းသားအတော်များများသည် ကျောင်းတက်၍ ပညာသင်ခြင်းကို တာဝန်အရ ၀တ်ကျေတမ်းကျေ လုပ်နေကြ၏။ မည်သည့်ဘာသာရပ်ကိုမျှ အထူးတလည် စိတ်ဝင်စားသည်ဟူ၍ မရှိကြ။ သင်ပြ၊ ရှင်းပြလျှင် နားထောင်နေလိုက် ကြသည်။ ထိုစာသင်ချိန် ကုန်သွားသည်နှင့် ထိုသင်ခန်းစာနှင့် ပတ်သက်၍ ခေါင်းထဲမှာ ဘာမျှမရှိတော့။ တခြားအာရုံတစ်ခုသို့ ရောက်သွားတော့သည်။ နောက်တစ်နေ့ ထိုသင်ခန်းစာ အဆက်ကို ပြန်မေးလျှင် ပြောနိုင်သည့်သူ အတော်နည်းသည်။ သင်ကြားသူဆရာက ပြန်အစဖော်ပေးမှာ "သြော်၊ အင်း" နှင့် ပြန်သတိရကြ၏။ တက္ကသိုလ်ဝင်တန်း ကျောင်းသားတစ်ယောက်ကို သင်ခန်းစာချင်း ဆက်စပ်နေ၍ န၀မတန်းစာ ပြန်မေး၍ မရ။ န၀မတန်းစာ အခြေခံကို ပြန်ပြောပြီးမှ တက္ကသိုလ်ဝင်တန်းစာ ဆက်သင်ရသည်။ ဒါတောင် သုံးရက်လောက်ကြာ၍ ပြန်မေးလျှင် မသိတော့။ စာမေးပွဲ ရှိသည်ဆိုမှ ပြန်ဖတ်၊ ပြန်ကျက်လုပ်ကြသည်။ ကျောင်းတွင်းစစ် စာမေးပွဲများဆိုလျှင် မေးခွန်းလိုက်ကြသေးသည်။ သူတို့၏ ရည်မှန်းချက်က သင်ခန်းစာ တစ်ခုကို သိချင်တတ်ချင်ခြင်း မဟုတ်။ စာမေးပွဲ အောင်ခြင်းသာ ဖြစ်လေသည်။
တက္ကသိုလ်ဝင်တန်း ကျောင်းသားများသာ ဤသို့ဖြစ်နေသည် မဟုတ်။ ကွန်ပျူတာ သင်တန်းတစ်ခုမှ သင်တန်းဆရာ တစ်ယောက်က ပြောဖူးသည်။ တက္ကသိုလ်ဝင်တန်းအောင်ပြီး လူငယ်အချို့ တချို့လူငယ်များလည်း ပါသည်။ သူ့ကွန်ပျူတာသင်တန်းသို့ ရောက်လာကြသည်။ သင်တန်းသား အနည်းငယ်လောက်ကသာ ကွန်ပျူတာပညာကို တကယ်သိချင်၊ တတ်ချင်စိတ်နှင့် သင်ကြသည်။ အများစုက အချိန်တွေပိုနေလို့၊ ခေတ်အခြေအနေအရ တက်ကိုတက်ရမည့်သင်တန်း ဖြစ်နေလို့၊ မိဘက အတင်းတက်ခိုင်းလို့ စသည့် အကြောင်းအချက်များဖြင့် သင်တန်းသို့ ရောက်လာကြပြီး ပျင်းရိလေးတွဲစွာဖြင့် အချိန်တွေ ကုန်နေကြသည်။ အချိန်တန်၍ သင်တန်းဆင်းလက်မှတ် ရသွားလျှင် ကျေနပ်သွားကြသည်ဟု ဆို၏။ သူတို့၏ ရည်ရွယ်ချက်က ကွန်ပျူတာ ပညာတတ်ချင်ခြင်း မဟုတ်ဘဲ သင်တန်းဆင်း လက်မှတ်လိုချင်ခြင်းသာ ဖြစ်လေသည်။
ဤသို့သော သဘောကို ကျောင်းသားများ၊ သင်တန်းသားများ၌သာ တွေ့ရသည် မဟုတ်ဘဲ ဆရာအချို့၌လည်း တွေ့ရတတ်သည်။ ဆရာဟူသည် ထာဝရကျောင်းသား ဖြစ်သည်။ အစဉ်လေ့လာ သင်ယူနေရသည်။ ဆရာတစ်ယောက်၏ စိတ်သည် Open Minded ဖြစ်နေဖို့ လိုသည်။ သို့မှသာ တပည့်များ အားကိုးထိုက်သည့် ဆရာကောင်းတစ်ယောက် ဖြစ်နိုင်သည်။ ကျွန်တော် ပညာရေး ဌာနတွင်း ရှိစဉ်က ဆရာမတစ်ယောက် တွေ့ခဲ့ဖူးသည်။ "မင်္ဂလာ" ဟူသော စကားလုံးကို ကလေးများအား "မရေးငသတ်မင်" နှင့် စာလုံးပေါင်း၍ သင်နေသဖြင့် "ငသတ်" မဟုတ်ကြောင်း၊ "ကင်းစီး" ဟုခေါ်ကြောင်း၊ စာလုံးပေါင်းလျှင် "မကင်းစီး ဂငယ်ရေဂ လရေးချလာ မင်္ဂလာ" ဟု ပေါင်းဖတ်ရကြောင်းနှင့် "ကင်းစီး" ဟူသော သင်္ကေတ ဖြစ်လာပုံကိုပါ ရှင်းပြလိုက်သည်။ ထိုဆရာမသည် ကျွန်တော့်ရှေ့တွင် "မင်္ဂလာ" ကို စာလုံးပေါင်းပြီး မသင်တော့ချေ။ ကျွန်တော်မရှိသည့် အချိန်၌ ကလေးများကို "မရေးငသတ်မင်" နှင့်ပင် သင်နေလေသည်။ ထိုဆရာမသည် သိသူက ပေးသော်လည်း ယူတတ်သည့် စိတ်အခံ မရှိသဖြင့် ပညာမရခဲ့ပါချေ။ ဆရာကောင်း တစ်ယောက်လည်း ဖြစ်မလာခဲ့ပါချေ။ ထိုဆရာမ၏ ရည်မှန်းချက်ကား အချိန်တန် လစာရရေးသာ ဖြစ်လေသည်။ ယခုလည်း အချို့ဆရာများ မြန်မာသဒ္ဒါမှ ၀ိသေသျ (၀ိသေသယဟု အသံထွက်သည်) ကို "၀ိသေသ" ဟု အသံထွက်ပြီး သင်နေကြသည် ပါဠိသည် အသံအနိမ့်အမြင့် ပြောင်းရုံနှင့် အဓိပ္ပာယ်ပြောင်း၏။ "၀ိသေသျ" ဟူသည် အထူးပြုခံပုဒ်ကို ဆိုလိုခြင်း ဖြစ်သည်။ "၀ိသေသ" ဟူသည် "ထူးခြားချက်" ဟု အဓိပ္ပာယ် ရသည်။ အင်္ဂလိပ်စကား Extraordinary ကို ဆိုလိုခြင်း ဖြစ်သည်။ မြန်မာအဘိဓာန် အကျဉ်းချုပ်လောက် လှန်ကြည့်လျှင်တောင် သိနိုင်သည့် ကိစ္စဖြစ်သည်။ သို့သော် ကိုယ်သိထားသည့် အမှားအတိုင်းပဲ ဆက်သင်နေကြသည်။ ဆရာဖြစ်ပြီးလျှင် တပည့်လုပ် ဆရာမလိုဟု ထင်ထားကြပုံ ရသည်။ ကိုယ်တိုင်သင်ယူလိုစိတ် မရှိကြသဖြင့် ထိုဆရာများမှာ ပညာ (အသိ)တိုးမလာတော့ချေ။
ခေတ်အဆက်ဆက် ကမ္ဘာ၊ မြန်မာမှ ထင်ရှားသည့် ပညာရှင်များကိုကြည့်လျှင် ပညာကို သူများပေး၍ ရခဲ့ကြသူများ မဟုတ်ကြပါ။ ကိုယ်တိုင်ယူ၍ ရခဲ့ကြသူများ ဖြစ်ပါသည်။ ပညာရကြောင်း၊ နည်းလမ်းကောင်းများဖြင့် အပတ်တကုတ် ကြိုးစားခဲ့ကြသူများ ဖြစ်ပါသည်။ သူများပြောသမျှ၊ စာအုပ်စာတမ်းများတွင် လေ့လာတွေ့ရှိရသမျှနှင့် ကျေနပ်တတ်ကြသူများ မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ လေ့လာစူးစမ်း သုတေသန ပြုတတ်ကြသူများ ဖြစ်ပါသည်။ ထိုသူများသည် ဤနည်းဖြင့် ကမ္ဘာက လေးစားကြည်ညိုရသည့် သမိုင်းပညာရှင်ကြီးများ၊ စာပေပညာရှင်ကြီးများ၊ သိပံ္ပပညာရှင်ကြီးများ အဖြစ်သို့ ရောက်ခဲ့ကြခြင်း ဖြစ်ပါသည်။
ယနေ့ခေတ် ကျောင်းသားများ၏ ပညာသင်ကြားမှု ပုံစံသည် ဆရာများအပေါ်၌ မှီခိုမှု လွန်ကဲလွန်းလှသည်။ ပြဿနာ တစ်ရပ်ကို ကျောင်းသားကိုယ်တိုင် ဖြေရှင်းခြင်း မဟုတ်ဘဲ ဆရာပြောသမျှကို ငြိမ်နားထောင်ပြီး တစ်သဝေမတိမ်း မှတ်နိုင်ခြင်းကို အရည်အချင်းဟု ထင်နေကြသည်။ ဆရာများကလည်း ပြဋ္ဌာန်းစာအုပ်လောက် ကျေကျေညက်ညက် သင်နိုင်လျှင်ပင် လုံလောက်ပြီဟု ထင်နေကြသည်။ မြန်မာ့ပညာရေးကို ခေတ်နှင့်အမီ ဖြစ်စေလိုလျှင် ကျောင်းသားများ၏ သင်ကြားမှု သင်ယူမှုပုံစံ ပြောင်းဖို့လိုသည်ဟု ထင်ပါသည်။ အချို့ဆရာများနှင့် ကျောင်းသားများ၏ စိတ်အခံပြောင်းဖို့ လိုသည်ဟု ထင်ပါသည်။ ကျောင်းသားက ကိုယ်တိုင်လိုချင်သည့်စိတ်ဖြင့်
ဒီ့အတွက် ဆရာကလည်း ပြဋ္ဌာန်းစာအုပ်တွင် လမ်းမဆုံးစေဘဲ ဆက်လက်၍ ကိုယ်တိုင်ဆည်းပူး သင်ယူနေရပါမည်။ တပည့်ကိုလည်း ကိုယ်တိုင်သင်ယူလိုစိတ် ရှိလာအောင် စည်းရုံးလမ်းညွှန် ပေးရပါမည်။ ဤသို့ဖြစ်လာမည့်နေ့ကို ကျွန်တော်ရင်ခုန်စွာ မျှော်လင့်နေမိပါသည်။
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment