0


    Created on Saturday, 19 October 2013 01:56

အတိုးနှုန်း မြင့်မားသည်ဟု ဆိုကာ လွှတ်တော်တွင် ဝေဖန်မှုများ ရှိခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်မှ မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသေးစား ငွေရေးကြေးရေးလုပ်ငန်း ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို လက်ခံရန် သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းကို အောက်တိုဘာ ၁၈ ရက်က နေပြည်တော်ရှိ မြတ်တော်ဝင် ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး အဆိုပါပွဲသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းလည်း တက်ရောက် အားပေးခဲ့သည်။

အဆိုပါပွဲတွင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးညီဖြူလှနှင့် တရုတ်နိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ် ဒုတိယ အထွေထွေ မန်နေဂျာ Mr.Mei Jianping တို့က မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသေးစား ငွေရေးကြေးရေး လုပ်ငန်းချေးငွေ အမေရိကန်ဒေါ်လာ သန်း(၁၀၀) သဘောတူညီချက်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးရဲမြင့်နှင့် တရုတ်နိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ် ဒုတိယ အထွေထွေ မန်နေဂျာ Ms.Wen Hong တို့က ၀ယ်သူဦးစားပေး ချေးငွေစာချုပ်များကို လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံ၏ ချေးငွေသည် အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနေသောကြောင့် တစ်နှစ်လျှင် အတိုးသီးသန့် ဒေါ်လာ ၄ ဒသမ ၅ သန်းအထိ ရှိနေသည့်အပေါ် လွှတ်တော် ကိုယ်စားလှယ် အချို့က ကန့်ကွက်ခြင်းများ ပြုလုပ်ခဲ့ကြ သော်လည်း ၂၀၁၃ ခုနှစ် သြဂုတ် ၂၂ ရက်က ပြည်ထောင်စု လွှတ်တော်က အဆိုပါ ချေးငွေရယူရန် အတည်ပြုခဲ့သည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့လည်း တက်ရောက်ခဲ့ပြီး အသေးစား ချေးငွေလုပ်ငန်းနှင့် သမ၀ါယမ အသင်းများ အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရည်ရွယ်ချေးယူ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် အဆိုပါ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်မှ ဒုတိယ အထွေထွေ မန်နေဂျာ Mr.Mei Jianping ကိုလည်း သီးခြား တွေ့ဆုံခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ လယ်ယာစိုက်ပျိုးရေး၊ လျှပ်စစ်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ရထားပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍများတွင် ဘဏ်လုပ်ငန်းနှင့် ငွေကြေးကိစ္စ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစိုးရအဖွဲ့၏ နောက်ထပ် အသုံးစရိတ် လိုငွေအဖြစ် ကျပ် ၁၃၉၄၁၁၆ သန်း ထပ်မံတောင်းခံနေပြီး အဆိုပါ တောင်းခံမှုများတွင် သမ၀ါယမ ၀န်ကြီးဌာနမှ အများဆုံးဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က အောက်တိုဘာ ၁၇ ရက်က ပြောကြားထားသည်။

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top