ရန်ကုန်၊ အောက်တိုဘာ ၂၄
ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အရှိန်မြှင့်တင်ရေးအတွက် နိုင်ငံတကာမှ အထောက်အပံ့များ ရရှိစေရန် အကူအညီများ ပေးအပ် သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံရာတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ယင်းသို့ တွေ့ဆုံရာတွင် ပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်သည့် အထောက်အပံ့များသာမက မြန်မာအစိုးရထံ ပြုပြင်ပြောင်းလဲမှု လုပ်ငန်များ အရှိန်မြှင့်တင်ရန် အတွက်လည်း ဖိအားပေးရန် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန် ဝန်ကြီးချုပ်ထံ ပြောကြားသည်။
ဗြိတိန် ဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း၊ ယခုလက်ရှိ ဥပဒေအတိုင်း ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက တရားမျှတမှု ရှိနိုင်မည် မဟုတ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက်လည်း ဗြိတိန်နိုင်ငံ အပါအဝင် နိုင်ငံတကာ အင်အားကြီးနိုင်ငံများ စုပေါင်း၍ မြန်မာအစိုးရထံ တိုက်တွန်း ပြောကြားသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ကလဲရန့် အိမ်တော်တွင် ဗြိတိန် အိမ်ရှေ့မင်းသား ချားစ်နှင့်လည်း အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဗြိတိန်နိုင်ငံ တော်ဝင် စစ်တက္ကသိုလ် Sandhurst ၌ မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။
ထို့အပြင် အောက်တိုဘာလ ၂၄ ရက်နေ့တွင် မြောက်အိုင်ယာလန်သို့ သွားရောက်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး လေ့လာမည် ဖြစ်သည်။
အေးချမ်းမွန် Credit To > The Voice Weekly

Post a Comment