0

သီတင်းကျွတ် လရာသီချိန်သည် ဆောင်းရာသီကူးစကာလ၊ သီတင်းကျွတ်လပြည့် သန်းခေါင်ယံအချိန်တွင် လမင်းနှင့် အသ၀နီနက်ခက်တို့ ယှဉ်သွားနေသည်။ ပလ္လင်ဆေးမိုးရွာသွန်းဖြိုး ဆိုသည့် စကားနှင့်အညီ ဘုရားဆွမ်းတော်တင်သော သစ်ပုတ်ပလ္လင်အား ဆေးကြောသန့်စင်ပေးသည့် မိုးသည် ရွားသွန်းလေ့ရှိသည် ဟုမှတ်သားခဲ့ရသည်။

သီတင်းကျွတ်လတွင် မြကန်သာတို့အတွင်း ကြာမျိုးငါးပါးတို့ ပွင့်လန်းဝေဆာကာ စံပယ်ပန်း၊ ကြာပန်းရနံတို့ သင်းပျံနေသည်။ ဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ကြွမြန်းတော်မှုလာချိန်ကို ရည်မှန်းပြီး သီတင်းကျွတ်လပြည့်နေ့တွင် မီးထွန်းပွဲ၊ မီးမြင့်မိုရ်ပွဲ များကျင်းပကြသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဗုဒ္ဓအဖြစ်သို့ ရောက်တော်မှုပြီး ခုနှစ်ဝါမြောက်တွင် တာဝတိံသာနတ်ပြည်၌ ၀ါကပ်တော်မှုသည်။ မယ်တော်ဖြစ်ခဲ့ဖူးသော မယ်တော်မာယာဒေ၀ီသည် တာဝတိံသာနတ်ပြည်တွင် သန္တုသိတနတ်သားဖြစ်နေရာ မယ်တော်အား အဘိဓမ္မာတရား ဟောကြားခြင်းဖြင့် ကျေးဇူးဆပ်လိုသောကြောင့် ဖြစ်သည်။

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်တွင် မယ်တော်နတ်သားနှင့် နတ်ဗြိဟ္မာအပေါင်းတို့အား အဘိဓမ္မာ တရားတော်မြတ်ကို ၀ါဆိုလပြည့်နေ့မှ စတင်၍ နေ့ညမစဲ ၀ါတွင်းသုံးလပတ်လုံး ဟောကြားတော်မှုခဲ့ရာ သီတင်းကျွတ်လပြည့်နေ့တွင် တရားတော်ပြီးဆုံးခဲ့သည် ဟုသိရသည်။

ကုသလာဓမ္မာ၊ အကုသလဓမ္မာ အစရှိသော အဘိဓမ္မာတရားတော်မြတ်သည် အလွန်ထူးကဲသည်။ စိတ်ကို အပူအပင်ကင်းစင် အေးမြကြည်လင်စေရန် သန့်စင်ပေးနိုင်သည်။ ဘ၀ခရီးကို တည်ငြိမ်ရင့်ကျက်စွာ လျောက်လှမ်းစေနိုင်သည်။ တရားတော်မြတ်အား ရွတ်ပွားနာကြားနေချိန် တဒင်္ဂတွင်ပင် လောဘ၊ ဒေါသ၊ မောဟ ကိလေသများ ချုပ်ငြိမ်းစေသည့် အကျိုးတရားများ ရရှိစေနိုင်သည် ဟု မှတ်သားခဲ့ရသည်။

မြတ်စွာဘုရားရှင်သည် လေးသင်္ချေနှင့် ကမ္ဘာတသိန်းပတ်လုံး ဖြည့်ဆည်းအပ်သော ပါရပီတော်အဟုန်ဖြင့် ရရှိတော်မှုခဲ့သော သဗ္ဗညုတဥာဏ်တော်ကြောင့် အဘိဓမ္မာတရားတော်ကို ထုတ်ဖော်ဟောကြားတော်မှု နိုင်ခဲ့ခြင်းဖြစ်သည် ဟု မှတ်သားခဲ့ရသည်။

သီးတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မြတ်တွင် မြန်မာနိုင်ငံနေရာ အနှံ အဘိဓမ္မာတရားတော်များ ရွတ်ပွားပူဇော်နေကြသည်။ မြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်တို့ကို အာရုံပြုကာ အဘိဓမ္မာတရားတော်အားရွတ်ဆို ကြည်ညိုသဒ္ဓါပွားရင်း ဒါန၊ သီလ၊ ဘာဝနာတရားများ ချမ်းမြေ့စွာအားထုတ်ကြခြင်းဖြင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ကောင်းကျိုးတရားများ ရရှိဖြစ်ထွန်းနိုင်ကြမည် ဖြစ်ပါကြောင်း အသိပညာများ ဝေမျှလိုက်ပါသည်။
........ by တိမ်ဖြူ

အေးချမ်းမွန် Credit To >ထေရဝါဒဗုဒ္ဓဘာသာတိုင်းပြည်https://www.facebook.com/excellencemedia

Post a Comment

 
Top