ပွဲထွက်ကစားခွင့် ဆက်လက် ခေါင်းပါးနေမည် ဆိုပါက ရီးယဲလ်မက်ဒရစ်ကို စွန့်ခွာရန် စဉ်းစားတော့မည်ဟု အသင်းခေါင်းဆောင် အိုင်ကာ ကားဆီးလက်စ်က ခြိမ်းခြောက် ပြောကြားလိုက်သည်။
ရီးယဲလ်နှင့် စပိန်လက်ရွေးစင် အသင်းတို့၏ အသင်းခေါင်းဆောင် တာဝန်ယူထားသော ဂိုးသမားသည် လက်ရှိတွင် ကလပ်အသင်း အရန်ခုံ၌သာ အဓိက အချိန်ကုန်နေရသည်။ ကားဆီးလက်စ်က ယခုအခြေအနေ အပြောင်းအလဲ ဖြစ်မလာခဲ့ပါက ဇန်နဝါရီလတွင် အသင်းပြောင်းဖြစ်နိုင်ကြောင်း အရိပ်အမြွက် ပြောဆိုခဲ့သည်။ အသက်(၃၂)နှစ် ရှိပြီဖြစ်ပြီး စပိန်အတွက် ပွဲပေါင်း(၁၀၀)ကျော် ကိုယ်စားပြုထားသည့် ဂိုးသမားသည် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ဖွယ် ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
ရီးယဲလ် နည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုသည် ပြီးခဲ့သည့် ဘောလုံးရာသီ တစ်ဝက်က ခေါ်ယူခဲ့သည့် ဒီယေဂို လိုပက်ဇ်ကို ပွဲထွက်နေရာတွင် အသုံးပြုခဲ့ပြီး လက်ရှိနည်းပြ ကာလိုအန်ဆလော့တီ လက်ထက်တွင်လည်း ကားဆီးလက်စ်မှာ ပုံမှန်နေရာ ပြန်မရသေးချေ။ ကားဆီးလက်စ်က "စက်တင်ဘာလမှာ ကျွန်တော် အသင်းက ထွက်ခွာဖို့ စဉ်းစားခဲ့ပါတယ်။ ကျွန်တော် ဒီအကြောင်း အသင်းဥက္ကဋ္ဌကို ပြောမလို့ စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ နောက်တော့ အသင်းနဲ့ လမ်းခွဲဖို့ဆိုတာ သိပ်ခက်ခဲကြောင်း နားလည်သွားတယ်။ ဒီအသင်းဟာ ကျွန်တော် အကြာကြီး နှစ်မြှုပ် ဖြတ်သန်းခဲ့တဲ့ နေရာလေ"ဟု ဆိုသည်။
၎င်းက "ကျွန်တော်ဟာ ရီးယဲလ်မှာ နေထိုင်ဖို့ပဲ အမြဲတမ်း စိတ်ပိုင်းဖြတ်ခဲ့သူပါ။ ဒါပေမဲ့ ကျွန်တော် ဒီထက် ကစားဖို့၊ ဒီထက် ပြိုင်ပွဲဝင်ဖို့ လိုပါတယ်။ ဒီအနေအထားမှာ တစ်ခုခုကို စဉ်းစား ရွေးချယ်ဖို့ လိုအပ်တာမျိုးလည်း ရှိလာနိုင်တယ်"ဟု ပြောကြားခဲ့သည်။ ကားဆီးလက်စ်သည် (၁၉၉၉)ခုနှစ် ကတည်းက ရီးယဲလ်၏ ဦးစားပေး ဂိုးသမားအဖြစ် ရပ်တည်ခဲ့ပြီး ချန်ပီယံလိဂ် ဆုဖလား(၂)လုံးနှင့် လာလီဂါ ချန်ပီယံဆု (၅)ကြိမ် ရရှိခဲ့သလို ဥရောပ တံခွန်စိုက် ချန်ပီယံဆု (၂)ကြိမ်နှင့် ကမ္ဘာ့ဖလား (၁)ကြိမ် ရရှိခဲ့သည့် စပိန်အသင်းကိုလည်း ဦးဆောင်ခဲ့သည်။
အေးချမ်းမွန် Credit To >Soccer Myanmar
Post a Comment