0




ဘန်ကောက်၊ နိုဝင်ဘာ ၃၀

မူးယစ်ဆေးဝါး အရောင်းအ၀ယ်သမားများအတွက် ငွေကြေးခ၀ါချမှုပြုလုပ်ပေးသော မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်းသိရသည်။
ယင်းအမျိုးသမီးမှာ အသက် ၄၁ နှစ်အရွယ်ရှိ နန်းမြင့်သိန်းအေး ဆိုသူဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
"သူ့ရဲ့ ဘဏ်ငွေစာရင်းမှာ အထုတ်အသွင်းလုပ်ခဲ့တဲ့ ငွေပမာဏဟာ ဆယ်နှစ်တာကာလအတွင်းမှာ ထိုင်းဘတ်ငွေ ၁၀ ဘီလျံ(ကျပ်ငွေ ၄၁.၅ ဘီလျံခန့်)ရှိပါတယ်"ဟု ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Sommai Kongwisaisuk က ယမန်နေ့ကပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်ပြောပါသည်။
"သူမဟာ ထိုင်း-မြန်မာနှစ်နိုင်ငံနှစ်ဖက်စလုံးမှာ ကျောက်မျက်ရတနာဆိုင်တွေနဲ့ ဟိုတယ်တွေဟန်ပြဖွင့်ထားပြီး လှုပ်ရှားခဲ့တာပါ"ဟုလည်း သူကပြောပါသေးသည်။
မည်သို့ပင်ဖြစ်စေ နန်းမြင့်သိန်းအေးကမူ သူမသည် ထိုင်းနှင့်မြန်မာနိုင်ငံများတွင် ငွေကြေးလဲလှယ်သည့်ဆိုင်များဖွင့်ထားပြီး မဟုတ်မှန်သည့် အလုပ်ဟူ၍ မလုပ်ခဲ့ကြောင်း ငြင်းဆိုလျှက်ရှိသည်။
"ဒါကြောင့် ကျွန်မရဲ့ ဘဏ်စာရင်းတွေမှာ နေ့စဉ် ဘတ် တစ်သန်းနဲ့ နှစ်သန်းကြားထဲမှာ အထုတ်အသွင်းရှိနေတာပါ"ဟု လည်း သူမကပြောသည်။
ထို့အပြင် သူမသည် မူးယစ်းဆေးဝါးရောင်းဝယ်သူများနှင့် တစ်ခါမှ မပတ်သက်ဖူးခဲ့ကြောင်း သူမကို အဘယ်ကြောင့် ဖမ်းဆီးရသည်ဆိုခြင်းကိုလည်း နားမလည်နိုင်ကြောင်းပြောပါသေးသည်။
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရို၏ ဒုတိယဦးစီးချုပ် ရဲမှူးချုပ် Tanai Apichartsenee ကမူ နန်းမြင့်သိန်းအေးအား ဖမ်းဆီးရန် ၀ါးရမ်းကို မေလ ၁၅ ရက်ကတည်းကပင် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းပြောပါသည်။
"ကျွန်တော်တို့ရဲ့ စုံစမ်းထောက်လှမ်းမှုတွေအရ သူမဟာ ထိုင်းကနေ မြန်မာကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေရဲ့ တရားမ၀င်ငွေကြေးတွေကို လွှဲပေးခဲ့တယ်လို့ သိရပါတယ်"ဟုလည်း ရဲမှူးချုပ် Tanai Apichartsenee ကပြောပါသေးသည်။
"သူမဟာ နာမည်ကြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ဂျီဖောင်း(ခ)ဖောင်း ပထုံမနီ(Fong Pathummanee) နဲ့လဲ အဆက်အသွယ်ရှိတယ်လို့ စုံစမ်းသိရှိထားပါတယ်"ဟုလည်း ရဲမှူးချုပ်ကပြောသေးသည်။
ဂျီဖောင်းအား ထိုင်းနိုင်ငံတွင် အလိုရှိကြောင်းကြေညာချက်ထုတ်ထားသဖြင့် အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးသွားကြောင်းကိုလည်း သူကပြောပါသေးသည်။
PN002
ref: Myanmar woman accused of laundering drug money(The Nation)



Popular News Journal

Post a Comment

 
Top