0

အမျိုးသားလွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌ ပြောင်းလဲရခြင်းသည် စည်းကမ်းပိုင်းဆိုင်ရာကြောင့် ဖြစ်ကြောင်း ဦးဝင်းထိန် ပြောကြား

အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ရေးရာကော်မတီ ဥက္ကဋ္ဌနှစ်ဦးအား ကော်မတီဥက္ကဋ္ဌ ရာထူးမှ ပြောင်းလဲခြင်းသည် စည်းကမ်းပိုင်းဆိုင်ရာကြောင့်ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ဒီဇင်ဘာ ၁၀ ရက်တွင် မီဒီယာများအား ပြောကြားသည်။
ဒီဇင်ဘာ ၁၀ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ စီအီးစီ အစည်းအဝေးကို နေပြည်တော်ရှိ စည်ပင်ဝင်းအတွင်းရှိ ယူနီစန် စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပြီး ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို စသည်ဖြင့် စီအီးစီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးဝင်းထိန်က “ဒီနေ့အစည်းအဝေးကတော့ ပါတီစည်းကမ်းအရ အရေးယူတာတွေကို အတည်ပြုတာပါ။ ဦးစိန်ဝင်းတို့ ပြီးတော့ အမျိုးသားလွှတ်တော်က ဇုန်လှယ်ထန်းတို့၊ ခွန်ဝင်းသောင်းတို့ကို ရေးရာကော်မတီဥက္ကဋ္ဌ နှစ်ယောက်ကို ဥက္ကဋ္ဌရာထူးက ဖယ်ရှား အရေးယူတဲ့ကိစ္စ။ ကော်မတီဝင် အဖြစ်နဲ့ပဲ ထားတယ်။ ဘာလို့လဲဆိုတော့ သူတို့က နည်းနည်းစည်းကမ်း လွန်ကဲတာတွေ ရှိတယ်။ အဲဒါတွေ ဆွေးနွေးတာပေါ့” ဟု ပြောကြားသည်။
မွန်ပြည်နယ်နှင့် တနင်္သာရီကိစ္စကို မနက်ဖြန်စစ်မည်ဖြစ်ကြောင်း၊ စစ်ဆေးပြီးပါက စီအီးစီကို တင်မည်ဖြစ်ကြောင်း၊ ထို့နောက်ပိုင်းတွင်မှ မည်ကဲ့သို့ လုပ်ဆောင်မည်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း။ ကယားပြည်နယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းရမည့် ကိုယ်စားလှယ် ကိစ္စက မပြတ်သေးကြောင်း၊ မည်ကဲ့သို့ဖြစ်ရလဲ ဆိုသည်ကို ပြောပါက ကိုယ့်ပေါင်ကိုယ်လှန်ထောင်း သကဲ့သို့ ဖြစ်နေမည်ဖြစ်ကြောင်း ဦးဝင်းထိန်က ဆက်လက် ပြောကြားသည်။
ဦးဥာဏ်ဝင်းက “တနင်္သာရီနဲ့ မွန်ပြည်နယ်ကို တိုင်ကြားထားတာတွေကို အခုစစ်ဆေးနေတာတွေနဲ့ ပတ်သက်ပြီး ပြောခွင့်မရှိပါဘူး။ စစ်ပြီးသွားရင် စီအီးစီကို တင်ပြရမယ်။အဲဒီလို မတင်ခင် လျှောက်ပြောလို့ မဖြစ်ဘူး။ မနက်ဖြန် မနက်ပိုင်းကို တနင်္သာရီ၊ ညနေပိုင်းကို မွန်ပြည်နယ်ကို စစ်မယ်။ စစ်ဆေးရာမှာတော့ တိုင်တဲ့သူတွေထဲက အရေးပါတဲ့သူတွေကို စစ်တယ်။ နောက်ပြီးတော့ စွပ်စွဲခံရတဲ့သူတွေကို စစ်တယ်” ဟု ပြောကြားသည်။
ဆက်လက်ပြီး ကယားပြည်နယ်က ကိုယ်စားလှယ်အဖြစ် ပြိုင်မယ့်ကိစ္စကတော့ မရဘူးလို့ပဲ ကျွန်တော်တော့ သိထားတယ်။ တင်ရမယ့်ရက် နောက်ကျသွားပြီ။ အဲဒီနှစ်နေရာ ၀င်မရွေးရတော့ဘူးပေါ့” ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။
http://www.news-eleven.com/local/29075

Post a Comment

 
Top